ဒါကာ၊ သြဂုတ် ၆

ပြီးခဲ့တဲ့နှစ်က အစိုးရကို ပြုတ်ကျစေခဲ့တဲ့ ကြီးကြီးမားမား လူထုအုံကြွမှု နောက်ပိုင်း ပထမဆုံးအဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ယာယီ ခေါင်းဆောင် မိုဟာမက် ယူနာ့စ်က သြဂုတ် ၅ ရက်က ပြောကြားလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မွတ်စလင် ဥပုသ်လမတိုင်ခင် ရွေးကောက်ပွဲ ကျင်းပရေး စီစဉ်ပေးဖို့ ယာယီ အစိုးရအဖွဲ့ ကိုယ်စား ရွေးကောက်ပွဲ ကော်မရှင်ဆီကို စာရေးတောင်းဆိုသွားမှာ ဖြစ်တယ်လို့ ယာယီခေါင်းဆောင် ယူနာ့စ်က ဝန်ကြီးချုပ် ဟာဆီနာ ဖြုတ်ချခံရမှု တစ်နှစ်ပြည့်နေ့မှာ ပြောကြားခဲ့တာပါ။

အသက် ၈၅ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ယူနာ့စ်ဟာ ရွေးကောက်ပွဲ မတိုင်ခင် အကြံပေး အရာရှိချုပ်အဖြစ် အိမ်စောင့်အစိုးရ အဖွဲ့ကို ဦးဆောင်နေပြီး ရွေးကောက်ပွဲပြီးရင် ရာထူးက ထွက်ပေးမယ်လို့ ကတိပြုထားပါတယ်။

အရင်က ဧပြီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ယူနာ့စ်က ပြောဆိုထားပေမယ့် အဓိက နိုင်ငံရေးပါတီတွေက စောစောကျင်းပပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

မိမိတို့ အနေနဲ့ ရွေးကောက်ခံအစိုးရကို အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ မျှမျှတတနဲ့ လွယ်ကူ ချောမွေ့စွာ ကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်း ဆုတောင်းပေးကြဖို့လည်း ယူနာ့စ်က တိုက်တွန်း ပြောဆိုပါတယ်။

နိုင်ငံသားများ အားလုံးအနေနဲ့လည်း ဘင်္ဂလားဒေ့ချ် နိုင်ငံတော်သစ်ကို အောင်မြင်စွာ တည်ဆောက်ရေး ရှေ့ဆက် ကြိုးပမ်းကြဖို့ သူက တိုက်တွန်းထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.