ရေး ၊ ဩဂုတ် ၇
မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်ပြီးနောက် စည်းကမ်းချက် ၁၇ ချက်ပါတဲ့ ဒေသန္တရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်လိုက်ပေမယ့် ရေးဒေသမှာ အကြမ်း ဖက်အဖွဲ့အစည်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုဆောင်ရွက်နေတာကြောင့် ဒေသန္တရအမိန့် ထပ်မံထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။
အဲဒီဒေသန္တရအမိန့်တွေထဲမှာတော့ ရေးမြို့နယ်အတွင်း ဖြတ်သန်းသွားလာတဲ့ မည်သူမဆို ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေး ကတ်ပြား မပါရှိဘဲ မိမိနေထိုင်ရာ ရပ်ကွက်ကျေးရွာမှ နယ်မြေကျော်လွန် ခရီးသွားလာခြင်း မပြုရလို့ တားမြစ်ထားပါတယ်။
ဒေသန္တရအမိန့်အရ အရင်က ရေးမြို့နယ်အတွင်း မည်သည့်ယာဉ်နဲ့ လူတွေမဆို ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်း သွားလာခွင့်ကို လုံးဝမပြုခဲ့ရာမှ လက်ရှိ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုတဲ့ အချိန်ကို ပြောင်းလဲသတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရေးဒေသခံ တစ်ဦးကတော့ စစ်အုပ်ချုပ်ရေး ပယ်ဖျက်လိုက်ပေမယ့် ကျေးဇူးတင်စရာ အကြောင်းမရှိသလို ကိုယ်ပိုင်လွတ်လပ်ခွင့် မရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်အုပ်ချုပ်ရေးကတော့ ရေးမြို့နယ် မပါတော့ဘူးလေ။ ဒေသန္တရ အမိန့်ပဲ ပြန်ထုတ်လိုက်တယ်။ ပုဒ်မ ၁၈၈ ပြန်ထုတ်လိုက်တယ်။ ထူးပြီးတော့ ဘာမှ ပြောင်းလဲတာတော့ မရှိပါဘူး။ ကိုယ့်အခွင့် အရေးကို အပြည့်အဝရသေးတာ မဟုတ်ဘူး။ ဒါကတော့ ထွေထွေထူးထူးလည်း ကျေးဇူးတင်စရာ မရှိပါဘူး”လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်က ဒေသန္တရအမိန့်မှာ အချိန်ဖြေလျော့ပေးတာဟာ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ငြိမ်သက်သွားတဲ့အတွက် အချိန်ပြောင်းပေးလိုက်တာဖြစ်ပြီး အရင်လို မလွတ်လပ်သေးဘဲ မြို့ဝင်မြို့ထွက်တွေမှာတော့ ပုံမှန်အတိုင်း အစစ်ဆေးကြမ်းပြီး ပိုက်ဆံတောင်းတာတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က ထုတ်ပြန်တဲ့ ရေးမြို့နယ် ဒေသန္တရအမိန့်အရ အရင်အတိုင်း ဆိုင်ကယ်စီးနင်းတဲ့ နေရာမှာ အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးနောက် အမျိုးသားမစီးရ၊ ဆိုင်ကယ်ကို ၃ယောက် မစီးရလို့ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် ရေမြို့နယ်အတွင်းက လမ်းတချို့ကိုလည်း အရင်အတိုင်း ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ထားသလို လုံခြုံရေး ဆောင်ရွက်နေတဲ့ နေရာမှာ အရှိန်ပြင်းစွာ မမောင်းနှင်ဖို့၊ စစ်ဆေးရေးအဖွဲ့တွေ ရပ်တန့် စစ်ဆေးခြင်းကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးတာတွေမလုပ်ဖို့၊ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦး ထက်ပိုမစုဖို့ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ကတော့ ဒေသန္တရအမိန့်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို ဩဂုတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ပညာပေးကာလအဖြစ် စစ်ဆေးသွားမှာ ဖြစ်ပြီး ပညာပေးကာလ ကုန်ဆုံးပါက တည်ဆဲ ဥပဒေတွေ၊ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေထဲ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ နယ်မြေ ဖြစ်ပြီး မကြာခဏ ဆိုသလို စစ်တပ် ဒေါက်တိုင်တွေ ရှင်းလင်းခံရတာ၊ စစ်ကော်မရှင်တပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ