ဝါရှင်တန်၊ သြဂုတ် ၂
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒေ့ဗ်ရဲ့ ရန်လိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နျူကလီးယား ရေငုပ်သင်္ဘော နှစ်စီးကို သင့်တော်တဲ့ ဒေသတွေမှာ နေရာပြောင်းရွှေ့ချထားဖို့ ညွှန်ကြားလိုက်ပါတယ်။
အဲဒီလို ရူးမိုက်တဲ့၊ ရန်စတဲ့ ပြောဆိုမှုတွေဟာ ပြောစကားတွေ ဆိုတာထက် ပိုလာမယ့် အခြေအနေကို တွက်ဆပြီး အခုလို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောပါတယ်။

“စကားလုံးတွေက အရေးကြီးပါတယ်။ ရံဖန်ရံခါ ဆိုသလို ရည်ရွယ်မထားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဆီ ဦးတည်သွားတတ်ပါတယ်” လို့ ထရန့်က ဆိုတာပါ။
သူက အမေရိကန် ရေငုပ်သင်္ဘော နှစ်စီး ပြောင်းရွှေ့နေရာချထားလိုက်တဲ့ နေရာတွေကို ထုတ်မပြောဘဲ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းစစ်ပွဲကို ၁၀ ရက်နဲ့ ၁၂ ရက်အတွင်း မရပ်တန့်ရင် ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ ထရန့်ရဲ့ ရာဇသံကို တုံ့ပြန်တဲ့ အနေနဲ့ သမ္မတဟောင်း မက်ဗီဒေ့ဗ်က အမေရိကန်ကို ခြိမ်းခြောက်ထားပါတယ်။

ရုရှားနဲ့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှာ နျူကလီးယား ရေငုပ်သင်္ဘော အုပ်စုတွေ ရှိပါတယ်။
လက်ရှိ ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ မက်ဗီဒေ့ဗ်ရဲ့ အရမ်း ရန်လိုတဲ့ ပြောဆိုမှုတွေကြောင့် နျူကလီးယား ရေငုပ်သင်္ဘော နှစ်စီးကို သင့်တော်ရာဒေသတွေဆီ ပြောင်းရွှေ့ နေရာချထားဖို့ ညွှန်ကြားထားတယ်လို့ ထရန့်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဒါမှမဟုတ် နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို ပြောင်းရွှေ့နေရာချထားတာလားဆိုတာကိုတော့ ထရန့်က မဖော်ပြထား ပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားသမ္မတရဲ့ ကရင်မလင်နန်းတော်က လူသိရှင်ကြား မှတ်ချက်ပြုတာ မရှိသေးပေမယ့် ထရန့်ရဲ့ ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် မော်စကိုရဲ့ စတော့ရှယ်ယာ စျေးကွက်စျေးနှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ထရန့်နဲ့ မက်ဗီဒေ့ဗ်တို့ဟာ မကြာသေးခင်က လူမှုမီဒီယာက တဆင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပိုများလာခဲ့ပါတယ်။
ထရန့်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ရာဇသံပေးထားပေမယ့် အဲဒီ အတိုင်း ရုရှားသမ္မတ ပူတင် လုပ်ဆောင်မယ့် လက္ခဏာ မတွေ့ရဘဲ ယူကရိန်းကို အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
Ref:BBC