မကွေး ဩဂုတ် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အလုပ်အမှုဆောင် ဦးသန်းတင်ဟာ ဇူလိုင် ၃၁ ရက်က ကွယ်လွန်သွားတယ်လို့ NLD ပါတီဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသက် ၇၀ ကျော်အရွယ် ဦးသန်းတင်ဟာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ NLD ပါတီဝင်တွေကပြောပါတယ်။
ဦးသန်းတင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ချောက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
“ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ အင်္ဂလိပ်စာ ပညာဒါနပြုနေသူတစ်ဦးဖြစ်သလို ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကို ဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်အရွယ် အတွေ့အကြုံအရရော လူငယ်တွေကို တော်လှန်စိတ်တွေ လက်ဆင့်ကမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။” လို့ ပွင့်ဖြူမြို့နယ် NLD ဥက္ကဌ ဦးကျော်မင်းနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကအာဏာမသိမ်းခင် ၂၀၁၈ ခုနှစ်က စလို့နှစ်စဉ် ပွင့်ဖြူမြို့နယ်မှာ အင်္ဂလိပ်စာပညာဒါန လာရောက်သင်ကြားပေးနေသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေက စာသင်ကျောင်းတွေမှာလည်း အင်္ဂလိပ်စာပညာဒါန သင်ကြားပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ