ဝါရှင်တန်၊ သြဂုတ် ၁

အမေရိကန် နျူကလီးယား လက်နက်တွေအတွက် တစ်ခါက လိုအပ်တဲ့ အစိတ်အပိုင်းများ ထုတ်လုပ်ပေးခဲ့တဲ့ စက်ရုံဟောင်းတစ်ခုမှာ ဥပဒေအရ ခွင့်ပြုထားတဲ့ အတိုင်းအတာထက် ရေဒီယိုသတ္တိကြွမှု ၁၀ ဆပိုမြင့်မားတဲ့ နကျယ်အုံ တစ်ခု တွေ့ရှိထားကြောင်း ဖက်ဒရယ်အရာရှိတွေက ပြောပါတယ်။

နကျယ်ကောင်တွေ သေဆုံးသွားအောင် အဲဒီအသိုက်ကို ဆေးဖြန်းလိုက်ပြီး ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေကို ထုတ်ပိုးထားလိုက်ကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် အီကန်မြို့အနီးရှိ အဲဒီ စက်ရုံမှာတော့နကျယ်ကောင်တွေ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

အဲဒီလို ရေဒီယို သတ္တိကြွ နကျယ်ကောင် အသိုက်ဟာ နျူကလီးယား စွန့်ပစ်ပစ္စည်း ယိုစိမ့်မှုနဲ့ ဆက်စပ်မှု မရှိကြောင်း ဘေးပတ်ဝန်ကျင်ကို သို့မဟုတ် အများပြည်သူအပေါ် ထိခိုက်မှု မရှိဘူးလို့ စုံစမ်းစစ်ဆေးရေးမှူးတွေ ပြောပါတယ်။

အဲဒီ အခြေအနေကို အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဝေဖန်ထားပါတယ်။

အီကန်မြို့အနီးရှိ ဆာဗန်နာမြစ်စက်ရုံကို ရေဒီယို သတ္တိကြွမှု ရှိ၊မရှိ ပုံမှန် စစ်ဆေးနေတဲ့ အလုပ်သမားတွေက ဇူလိုင် ၃ ရက်က စစ်ဆေးချိန်မှာ အဲဒီ ရေဒီယို သတ္တိကြွ နကျယ်ကောင် အသိုက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယား စွန့်ပစ်အရည် ဂါလန် သန်းပေါင်းများစွာ သိုလှောင်ထားတဲ့ နေရာအနီးမှာ အဲဒီ နကျယ်ကောင် အသိုက်ကို တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် စွန့်ပစ်ပစ္စည်းသိုလှောင်ကန်တွေက ယိုစိမ့်မှု မရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နျူကလီးယား ဗုံးတွေရဲ့ ပင်မနေရာမှာ အသုံးပြုဖို့ ပလူတိုနီယံတွေကို ဖန်တီးချိန် ၁၉၅၀ ပြည့်နှစ်တွေက အဲဒီ စက်ရုံကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အချိန်အထိ ဆက်လက် လည်ပတ်နေဆဲ ဖြစ်ပေမယ့် ဓာတ်အားပေးစက်ရုံတွေအတွက်ပဲ အဓိက လည်ပတ်နေတာ ဖြစ်ပါတယ်။

နကျယ်ကောင် အသိုက်ဟာ ရေဒီယို သတ္တိကြွမှု အဆင့်မြင့်မားပေမယ့် အသိုက်ထဲမှာ နေခဲ့တဲ့ နကျယ်ကောင်တွေကတော့ ရေဒီယို သတ္တိကြွမှု အဆင့် လျော့နည်းနိုင်တယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.