မော်လမြိုင် ၊ ဩဂုတ် ၂

နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်အဖြစ် ပြောင်းလဲထားတဲ့ စစ်ကောင်စီကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဖယ်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစည်းအဝေးမှာ ယာ ယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ယာယီ သမ္မတက စစ်ကောင်စီကို နိုင်ငံရေးနဲ့ ဖြစ်စေ၊ စစ်ရေးနဲ့ ဖြစ်စေ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ဖယ် ရှားနိုင်မှသာလျှင် ပြည်သူတွေ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သယာဝပြောတဲ့ ပြည်ထောင် စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကို ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒဖြစ်တာကြောင့် အဓိကသွားရမှာ ဖြစ်တဲ့အတွက် တချို့ နေရာတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်တဲ့နေရာမှာ အားလုံးဟာ တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည်ကာ ကိုယ်ကျိုးစွန့်ပြီး တိုင်းသူပြည်သားတွေရဲ့ အနာဂတ် တည်ဆောက်နေတဲ့သူတွေဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်လက် ရပ်တည်သွားရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဝန်ကြီးတွေအနေနဲ့ စစ်ကိုင်း၊ မကွေးဘက် ခရီးတွေ ဆန့်နိုင်ပြီးဖြစ်တာကြောင့် ပကတိ အခြေအနေတွေကို ပိုသိရှိပြီး တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ပြီး၊ ပိုမို ထိရောက်တဲ့ အခြေအနေတွေကို စီမံဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလ အပါအဝင် ဝန်ကြီးတချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ခဲ့ပြီး ဒေသခံပြည်သူလူထု အပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.