နေပြည်တော် ၊ ဩဂုတ် ၁
အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကာကွယ်ပေးဖို့ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် ဆန့်ကျင်တိုက်ဖျက်မယ့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရိုက်ခတ်မှု ရှိလာမှာ မဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ အဖွဲ့တချို့က ပြောပါတယ်။
ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ရင် သေဒဏ်ချမှတ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။
အခန်း ၈ ခန်း ပုဒ်မ ၃၂ ခုပါဝင်တဲ့ အဲဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ ရွေးကောက်ပွဲ ဥပဒေတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲကို မကောင်းကြောင်းပြောရုံနဲ့ ထောင်ဒဏ်တွေပါ ချမှတ်ခံရနိုင်ပါတယ်။
အဲဒီဥပဒေပါ ပုဒ်မ ၂၇ မှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူတစ်ဦးတစ်ယောက် သေဆုံးမှု ဖြစ်ပွားရင် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အသီးသီးကို သေဒဏ်ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ သီရိမွန်ချမ်းက ဒီဥပဒေကြောင့် ပြည်သူတွေ မထိခိုက်အောင် နည်းဗျူဟာတွေ သုံးပြီး တိုက်ဖျက်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီအတုအယောင် ရွေးကောက်ပွဲကို ရတဲ့နည်းတဲ့ ဆန့်ကျင်တိုက်ဖျက်သွားဖို့ သန္နိဌာန်ခိုင်ခိုင်မာမာ ချမှတ်ထားတဲ့ မိမိတို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီဥပဒေကြောင့် ရိုက်ခတ်မှု တစ်စုံတစ် ရာ ရှိလာမှာ မဟုတ်ဘူး။ မိမိတို့အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဒီမတရားရွေးကောက်ပွဲပုဒ်မ ၂၇ နဲ့ မငြိတွယ် မပတ်သက်အောင် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အန္တရာယ်တွေ မဖြစ်စေနိုင်တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို သုံးပြီး ပြတ်ပြတ်သားသား ဆက်လက်ဆန့်ကျင်တိုက်ဖျက်သွားမှာပါ” လို့ ဆိုပါတယ်။
ဥပဒေမှာတော့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်အပါအဝင် ထွေအုပ်၊မီး သတ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က ညွန်ကြားရေးမှူးချုပ်တို့နဲ့ ဖွဲ့စည်းရမှာပါ။
အဲဒီကနေ ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်အပါအဝင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုအဆင့်အထိ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်ရင် ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ လွှတ် တော်ကိုယ်စားလှယ်ရဲ့ လူ ပုဂ္ဂိုလ်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ပေးရမယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ထည့်သွင်းထားတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် မဟုတ်သလို ဥပဒေထုတ်ပြန်တာလည်း တရားမဝင်တဲ့အတွက် လုပ်စရာရှိတာ ဆက်လုပ်ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုအကြမ်းဖက်စစ်ကောင်စီက တဖက်သတ် တရားမဝင်လုပ်မယ့် ဒီအတုအယောင်ရွေးကောက် ပွဲက သူတို့အတွက်ပဲလုပ်တာဖြစ်တယ်။ ပြည်သူတွေအတွက်လည်း မပါဘူး၊ ရွေးကောက်ပွဲက ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့ နစ်နာမှုတစ်ခုပေါ့။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ခိုက်မှာပဲ ဖြစ်တယ်။ အတုမယောင်ရွေးကောက်ပွဲအတွက် သူတို့ထုတ်တဲ့ ဥပဒေတွေကလဲ တရားမဝင်ဘူး။ ကျွန်တော်တို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ”လို့ ဆိုပါတယ်။
စစ်ကောင်စီ ကျင်းပဖို့ ကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေက မ ကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို မလိုလားလို့ ဖျက်ဆီးမယ့်သူတွေ အန္တရာယ်ကနေ ကာကွယ်တားဆီးပေးနိုင်ဖို့ လိုအပ်တယ်လို့ ဇူလိုင် ၃၀ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီအတွက် ကာကွယ်တားဆီးဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးတာနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းတာရှိပေမယ့် မလုံလောက်ဘဲ ပြည်သူတစ်ရပ်လုံးကနေ ဝိုင်းဝန်းပေးမှသာ ရွေး ကောက်ပွဲ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ မဲဆွယ်စည်းရုံးမှုတွေ လွတ်လပ်စွာ ဆန္ဒမဲပေးရေးတို့ကို တားဆီးနှောင့်ယှက်ခြင်းကနေ ကာကွယ်ဖို့နဲ့ မဲရုံတာဝန်ကျသူတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနက ဒုတာဝန်ခံ နိုင်ဝင်နိုင်ကတော့ စစ်ကောင်စီဘက်က ဒီလိုမျိုး ဥပဒေထုတ်ပြန်တာဟာ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို အာမခံပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တစ်အချက်က သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ဟန့်တား ဖျက် ဆီးခြင်း မလုပ်ရဲအောင် အခုလို သေဒဏ်အထိ ချမှတ်မယ်လို့ ထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ချက်က ဒီရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပူးပေါင်းပါဝင် ကူညီလုပ်ဆောင်ပေးမယ့်သူတွေကို အာမခံပေးတယ်။ မင်းတို့ကို ငါတို့ အပြည့်အဝ လုံခြုံရေးပေးထားတယ်၊ ဖျက်ဆီးရဲတဲ့ကောင်ကို ငါတို့ သတ်ပစ်မှာ ဒီလို ရာဇသံပေးတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတင် ခင်ဗျ” လို့ဆိုပါတယ်။
ဥပဒေအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်ပြားစေရန် ဟောပြောတာ၊ ပြောဆိုတာတွေ လုပ် ဆောင်ရင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်ထိချမှတ်ရမယ့်အပြင် လူစုလူဝေးနဲ့ကျူးလွန်ရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်တွေ၊ ကော်မရှင်ရုံးနဲ့ မဲရုံအဆောက် အဦတွေအပြင် သက်ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးရင်လည်း ထောင်ဒဏ် ၅ နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မဲဆန္ဒရှင်၊ မဲရုံတာဝန်ရှိသူ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တာနဲ့ အပြင်းအထန် နာကျင်စေရင် ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ