သထုံ၊ ဩဂုတ် ၁
မွန်ပြည်နယ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံလူကြီးလူငယ် ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၅၀ ထက်မနည်းပါတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်မှာ သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာပါ။
လက်နက်အပြည့်အစုံပါတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ကျေးရွာအတွင်းရှိ နေအိမ်တွေမှာ ရှိတဲ့ ဒေသခံ လူကြီး၊ လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး တခါတည်းကားနဲ့ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုတိမ်ရိုးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး ပစ်သတ်ခံရတာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေကို မိသားစုဝင်တွေက သိမ်ဆိပ်ရဲစခန်းမှာ လိုက်လံစုံစမ်းခဲ့ပေမယ့် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ် စစ်ကြောရေးထံ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေ အားလုံး သထုံစစ်ကြောရေးထံ ပို့ဆောင်ခံထားရတာကြောင့် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ပုတိမ်ရိုးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကျေးရွာစာသင်ကျောင်းအနီးမှာ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ