ကိဗ်၊ သြဂုတ် ၁

ကိဗ်မြို့ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ၆ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်အောင် လုပ်ဆောင်ကြဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မဟာမိတ်တွေကို ဇူလိုင် ၃၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ကိဗ်မြို့ အနောက်ဖက် ဆင်ခြေဖုံးဒေသရှိ ၉ ထပ် အဆောက်အဦကို ရုရှားက ညအချိန် ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရသူ ၁၅၀ ကျော်ရှိတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

ဒီအချိန်မှာ နှစ်ဖက်တပ်တွေကြား လများစွာကြာ တိုက်ပွဲ ပြင်းထန်နေတဲ့ ယူကရိန်းအရှေ့ပိုင်း မဟာဗျူဟာကျတဲ့ တောင်ကုန်းမြို့ ချာဆိဗ်ယာကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားစစ်တပ်က ကြေညာပါတယ်။

မကြာသေးခင်လတွေက ရုရှားဟာ ယူကရိန်းကို လေကြောင်း တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်လာခဲ့ပြီး စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ ဖိအားပေးမှုကို အာခံပြီး တိုက်ခိုက်မှုတွေ တိုးမြှင့် ပြုလုပ်နေပါတယ်။

စစ်အေးခေတ် ဟယ်ဆင်ကီ သဘောတူညီမှု လက်မှတ်ရေးထိုးတဲ့ နှစ် ၅၀ ပြည့် အခမ်းအနားအတွက် အွန်လိုင်းက ပြုလုပ်တဲ့ ညီလာခံသို့ ပြောကြားရာမှာ သမ္မတ ဇီလန်စကီးက စစ်ပွဲ အဆုံးသတ်ရေး ရုရှားကို တွန်းအားပေးလို့ရနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ကမ္ဘာကြီးက ရုရှားမှာ အစိုးရ အပြောင်းအလဲ ဖြစ်အောင် လုပ်ဖို့ မရည်ရွယ်ထားဘူးဆိုရင် စစ်ပွဲ အဆုံးသတ်သွားပြီး နောက်မှာတောင် မော်စကိုက အိမ်နီးချင်းနိုင်ငံတွေ မတည်မငြိမ် ဖြစ်အောင် ဆက်လုပ်နေဦးမယ့် သဘောပဲ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောတာပါ။

ဇူလိုင် ၃၀ ရက်နဲ့ ၃၁ ရက်က ယူကရိန်းကို ရုရှားက ဒရုန်းနဲ့ ခရု့ဇ်ဒုံးကျည် ၃၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပြီး ကိဗ်မြို့ကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။

ယူကရိန်းရဲ့ စစ်ဖက်ဆိုင်ရာ လေယာဉ်ကွင်း တစ်ခု၊ လက်နက်ခဲယမ်း ထားသိုရာ နေရာ၊ ဒရုန်း ထုတ်လုပ်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှား စစ်တပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ၁၀ ရက်နဲ့ ၁၂ ရက်အတွင်း ယူကရိန်း စစ်ပွဲ အဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ရာဇသံပေးလိုက်ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.