မော်လမြိုင်၊ ဩဂုတ် ၁
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီးမှာ အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့ မနက် ၅ နာရီခန့်မှာ ရတခတိုင်းစစ်ဌာနချုပ်အနီး ရွှေနတ်တောင်ဘုရားလမ်းဝ ကားလမ်းမပေါ်မှာ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ လက်တစ်ဖက်လုံး အရင်းကနေ ခုတ်ခံထားရတဲ့ ဒဏ်ရာ၊ ဝမ်းဗိုက်မှာလည်း ခန္ဓာကိုယ်အနှံ့မှာ ဓားနဲ့ ခုတ်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးနေတာပါ။
အသတ်ခံထားရတဲ့ အမျိုးသားကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မော်လမြိုင်ဆေးရုံ ရင်ခွဲရုံထံ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အသတ်ခံရတဲ့ အမျိုးသားနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘဲ ရဲတပ်ဖွဲ့ဘက်က စုံစမ်းမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မြို့ခံပြည်သူတွေကတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီးမှာ အမျိုးသားတစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့တွေရဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးမှုအပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media