မုဒုံ၊ ဩဂုတ် ၂

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု တစ်ခုလျှင် စစ်မှုထမ်းတပ်သား နှစ်ဦး မဖြစ်မနေ ပေးဆောင်ဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၆ အတွက် မုဒုံမြို့နယ်က သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်မှုထမ်းတပ်သား နှစ်ဦး မဖြစ်မနေ ပေးဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

စစ်မှုထမ်းတပ်သား မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖြုတ်ချမယ်လို့ ခြိမ်းခြောက်ခံထားရတာကြောင့် အုပ်ချုပ်ရေးမှူး အများစု အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတပ်သား ရရှိရေးအတွက် လူငှားဝယ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး တစ်အိမ်လျှင် ကျပ် တစ်သောင်းကနေ ကျပ် နှစ်သောင်းအထိ ငွေကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အရင်က မုဒုံမြို့နယ်အတွင်းမှာ စစ်မှုထမ်းရဖို့ လိုင်စင်မဲ့ယာဉ်စီးနင်းသူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေ၊ ခိုးဆိုးလုယက်သူတွေ ညအချိန်အပြင်ထွက်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ အခြေအနေ လျော့ပါးလာတာကြောင့် သတ်မှတ်လူဦးရေ ပြည့်မီဖို့ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးလာတယ်လို့ ဆိုပါတယ်။

အလားတူ ကျန်တဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်က သက်ဆိုင်ရာ ရပ်ကွက်ကျေး ရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သား မဖြစ်မနေ ပေးကြဖို့ ဖိအာပေးတာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီက ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ စစ်သားစုဆောင်းခံရသူပေါင်း ၂၅၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.