ပုလော၊ ဩဂုတ် ၁

တနင်္သာရီတိုင်း ပုလောမြို့နယ် လက်ပံပြင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မြန်မာစစ်တပ်ရဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လက်ပံပြင်ကျေးရွာထဲကို ဗုံးတစ်လုံးလာရောက်ကြဲချသွားတာကြောင့် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးခန်းမဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ခရစ်ယာန်ဘာသာရေးခန်းမဆောင်အနီး နေအိမ်က အသက် ၃၂ နှစ်အရွယ် စောကျော်လင်း ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘာသာရေးခန်းမဆောင်နဲ့နေအိမ်လည်း ပျက်စီးသွားသလို ဗုံးကြဲခံရပြီးနောက် ခရစ်ယာန်ကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေကို နေရာရွှေ့ပြောင်း ဖွင့်လှစ်ပြီး စာသင်ပေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုလောမြို့နဲ့ပလမြို့ကြားမှာ ဇူလိုင် ၂၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.