ပုလော၊ ဩဂုတ် ၂

တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်း မကျရေးအတွက် စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်ခုခံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော် တပ်စွဲထားတဲ့ ပလမြို့ရဲစခန်းကို သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က စခန်းမကျရေးအတွက် လေကြောင်းကနေ သုံးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲထားပြီး မြို့တွင်း ထိခိုက်ပျက်စီးမှု များနိုင်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ပလမြို့ရဲစခန်း တိုက်ပွဲကြောင့် မြို့ခံပြည်သူအများစု မြို့ကို စွန့်ခွာထွက်ပြေးသွားကြပြီး နှစ်ဖက်တိုက်ပွဲကလည်း သြဂုတ် ၁ ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပလတိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေအပါအဝင် နှစ်ဖက်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ပလမြို့နဲ့ ပလနဲ့ပုလောကြား ပြည်ထောင်စုလမ်းမပေါ်က ကျေး ရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးထားပြီး ဒဏ်ရာရသူ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.