နေပြည်တော် ၊ ဩဂုတ် ၂
စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအဖြစ် ကျင့်သုံးမှုဟာ သတ်မှတ်ကာလအတွင်း ထိုးစစ်ဆင်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
ကြေညာထားတဲ့ ဒေသတွေထဲမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများဆုံးပါဝင်ပြီး ကျန်ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ ကယား၊ကရင်၊ ချင်းနဲ့ တိုင်းဒေသကြီးတွေထဲက စစ်ကိုင်း၊ မကွေး၊ မန္တလေးက မြို့နယ်တွေလည်း ပါဝင်ပါတယ်။
ထူးခြားချက်အနေနဲ့ ဝ နဲ့ မိုင်းလား ထိန်းချုပ်ထားတဲ့ ဟိုပန်နဲ့မိုင်းလားမြို့ နယ်တို့ကိုပါ ထည့်သွင်းထားသလို စစ်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ ၁၆ မြို့နယ်နဲ့ တော်လှန်ရေးအင်အားစုတွေ အလုံးစုံ ထိန်းချုပ်ထားတဲ့ ၄၄ မြို့နယ်တို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းရေးနဲ့ နယ်မြေဒေသတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ အကြောင်းပြထားပြီး ရက်ပေါင်း ၉၀ အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲတွေ ကျင်းပမယ့် အကြိုကာလမှာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတဲ့ မြို့နယ်တွေကို တန်ပြန်ထိုးစစ်နဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က သတ်မှတ်ကာလအတွင်း အဲဒီမြို့နယ်တွေကို စစ်တပ်က တန်ပြန်တိုက်စစ်စမှာဖြစ်ပြီး အဲဒီကနေ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေ တိုးလာတဲ့ ပုံစံမျိုး လိုချင်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ရဲ့ ဆိုလိုရင်းကတော့ မြို့နယ် ၆၃ မြို့နယ် ရက် ၉၀ အတွင်းမှာ သူတို့က (စစ်တပ်) တန်ပြန်တိုက်စစ် စမယ်။ ၆၃ မြို့နယ်ထဲကနေမှ မိုင်းလားတွေအပါ ထပ်ပြီးတော့ ရက် ၉၀ အတွင်းမှာတင် မူလက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ၆၃ မြို့နယ် ရှိခဲ့ရာမှ ရက်ပေါင်း ၉၀ အတွင်း စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် ချွပ်ချွပ်ချွံ့ချွံ့ တိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၅၀ နီးပါးလောက် သူတို့တွေ ပြန်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတဲ့ ပုံစံမျိုးကို လိုချင်တာ” လို့ ဆိုပါတယ်။
စစ်ကောင်စီကနေ အာဏာသုံးရပ်လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာရှိတဲ့ ၆၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၁ (က)အရ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာပါ။
ဒါ့အပြင် စစ်အုပ်ချုပ်ရေးအမိန့်လည်း ကျင့်သုံးဖို့ ထုတ်ပြန်ခဲ့ပြီး မူလအခြေအနေပြန်ရောက်ဖို့ အဲဒီ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူးတွေကို အပ်နှင်းလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက ရွေးကောက်ပွဲမတိုင်ခင် လက်လွှတ်နယ်မြေတွေ ပြန်လည်သိမ်းပိုက်ဖို့ ဒေသဆိုင်ရာ စစ်ခေါင်းဆောင်တွေကို ဥပဒေကြောင်းအရ ထုတ်ပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲအကြိုကာလအတွက် ဖော်ဆောင်တော့မယ့် နယ်မြေပြန်လည်သိမ်းပိုက်ရရှိရေး စစ်ဆင်ရေး တွေမှာ ဥပဒေကြောင်းအရ ဒေသစစ်ခေါင်းဆောင်တွေကို စစ်အုပ်ချုပ်ရေးအမိန့်တွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်အောင် ထုတ်ပြန်ပေးခြင်းလို့ပဲ ကျွန်တော်တို့ ပြောလို့ရတယ်။ အဲဒီတော့ ရွေးကောက်ပွဲအ ကြိုကာလ မကြာခင် လပိုင်းတွေအတွင်းမှာတော့ မြေပြန့်ဒေသတချို့ တခြား သူတို့ ပစ်မှတ်ထားတဲ့ လက်လွှတ်ထားရတဲ့ အရေးကြီး မြို့ရွာဒေသတွေမှာတော့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ဆင် လုပ်ဆောင်လာ မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနိုင်တယ်။ အလား တူ စစ်ပွဲတွေနဲ့အတူ ဒေသခံပြည်သူလူထုအပေါ်မှာလည်း (စစ်အုပ်ချုပ်ရေး) မာရှယ်လောအမိန့်နဲ့ ပိုပြီးတော့ တင်းကြပ်ခြိမ်းခြောက်လာနိုင်မှုတွေ ရှိလာနိုင်တာပေါ့”လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖြစ် လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးအပြင် သယ်ယူပို့ဆောင်ရေးကိုပါ သက်ဆိုင်ရာ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေကို လုပ်ပိုင်ခွင့် ပေးအပ်ထားတာပါ။
အလားတူ တရားစီရင်ရေးမှာလည်း တရားရုံးတွေဖွဲ့စည်းတာ၊ စစ်ခုံရုံးနဲ့ စစ်ဆေးတာ၊ ပြစ်ဒဏ်ချမှတ်ရင် သေဒဏ်၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ဖို့နဲ့ အယူခံပိုင်ခွင့် မရှိစေရဘူးလို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ချင်းပြည်ကောင်စီမှာ ပါဝင်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက စစ် တပ်မရှိတဲ့ နေရာမှာ အခုလို ကြေညာတာဟာ ဘာမှ အရာထင်မှာမဟုတ်သလို ထိုးစစ်ဆင်လာရင်လည်း ပြင်ဆင်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒီနေရာတွေမှာ စစ်ကောင်စီက မရှိတော့ပါဘူးဆိုတော့ သူ့ရဲ့ ကြေညာချက်က ဘာမှ အရာထင်မှာ မဟုတ်ဘူး၊ ကြေညာတာလောက်ပဲရှိတယ်။ ဒါပေမယ့် တစ်ဘက်မှာ သူက ကျွန်တော်တို့ရဲ့ အဲဒီနေရာတွေကို ပြန်လည်စိုးမိုးဖို့ ကြိုးစားပြီး စစ်ဆင်ရေးထိုးလာရင်တော့ တစ်ပိုင်းပေါ့။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော်တို့က အတတ်နိုင်ဆုံး ပြင်ဆင်ထားတာပေါ့။ အဲဒီအတွက်ကြောင့် ဒါက တော့ ကြေညာတာကလွဲလို့ ဘာမှ သိပ်ပြီးတော့ ထူးထွေအရာထင်တယ်လို့တော့ ရှိလာမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်”လို့ ဆိုပါတယ်။
ချင်းပြည်ကောင်စီအပါအဝင် ချင်းညီနောင်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ အများဆုံး ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်က ၆ မြို့နယ် အပါအဝင် AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်တို့ကို အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတာပါ။
အလားတူ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ၁၄ မြို့နယ် အပါအဝင် ရှမ်းမြောက်ရှိ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့အတူ KIA ထိန်းချုပ်ထားတဲ့ ကချင်က မြို့နယ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံ့အလယ်ပိုင်းရှိ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းဒေသတွေထဲက အမျိုးသားညီညွတ် ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း အလားတူဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က တိုက်ခိုက်မှုတွေ တိုးလာနိုင်တာမို့ NUG စိုးမိုးနယ်မြေမှာ ပြည်သူတွေကို လေကြောင်းရန်ကနေ ကာကွယ်ပေးဖို့ ဦးစား ပေးလုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေရော NUG လည်း ပါတာပေါ့၊ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ရက်ပေါင်း ၉၀ အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ပြီးတော့ စစ်ကြောင်းထိုးလို့ရတဲ့နေရာ စစ်ကြောင်းထိုးတာတွေပေါ့။ ပြည်သူလူထုကို ဦးတည်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဒါတွေလည်း အများကြီး ပိုတိုးလာမယ့် အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။ အဲဒီတော့ NUG စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ပြည်သူလူထုကို နှိုးဆော်ထားပြီး လေ ကြောင်းရန် ကာကွယ်ရေးကိစ္စတွေကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာရှိတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်တပ်ဟာ နိုင်ငံကို အရေးပေါ်အခြေအနေကနေ ပယ်ဖျက်ပြီး ဥပဒေပြုရေး၊အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထံ ဇူလိုင် ၃၁ ရက်နေ့ အစည်းအဝေးမှာ ပြန်လည် လွှဲအပ်ထားတာပါ။
တစ်ဘက်မှာ စစ်ကော်မရှင်လို့ခေါ်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဥက္ကဌအဖြစ် တည်ရှိနေတာပါ။
အဲဒီ စစ်ကော်မရှင်ဟာ နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းတာလို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာ တတိယပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း မြို့နယ် ၂၆၀ ကျော်မှာ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွင်း စနစ်နှစ်ခုကို ကျင့်သုံးပြီး အီလက်ထရောနစ်မဲပေးစက်တွေနဲ့ ဆန္ဒမဲ ပေးဖို့ ဖြစ်ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်အရှိန်မြှင့်မှုနဲ့အတူ အဓမ္မ တပ်သားစုဆောင်းတာတွေအပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က ဆက်တိုက် ကျူးလွန်လာမယ့်အနေအထားလို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media