မကွေး ဇူလိုင် ၃၁
မကွေးတိုင်း ပခုက္ကူမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပခုက္ကူနဲ့ ပေါက်မြို့ကြား လမ်းပိုင်းမှာ ၁၅ ရက်ကျော်ကြာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေကြား ဇူလိုင် ၁၅ ရက်ဝန်းကျင်က ပြင်းထန်တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားပြီးတဲ့နောက် ဇူလိုင် ၃၁ ရက်အထိ နေ့ည တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
“စစ်တပ်ကလေကြောင်းကို ခပ်စိပ်စိပ် ပြန်သုံးတာတွေရှိတယ်။ ဒီရက်တွေအတွင်းမှာလည်း အလင်းဝင်လာသူတွေရော သေဆုံးတွေရော အများကြီး ဖြစ်ပျက်နေတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ကျဆုံး ဒဏ်ရာရတွေရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၄၀ ဝန်းကျင် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ အင်အား ၁၂၀ ကျော်ပါ ယာဉ်တန်းဟာ သာကြီးတောင်ရေနံမြေမှာရောက်ရှိနေတာ ၁ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ တားဆီးတိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဖြစ်နေကာ ယာဉ်တန်းရဲ့ ရှေ့ပြေးစစ်ကြောင်းတွေလည်း ပြန်ဆုတ်ရတာတွေရှိတယ်လို့ သိရပါတယ်။
မေ ၂၈ ရက်က ခြေလျင်အင်အား ၆၀၀ ဝန်းကျင် စစ်ကောင်စီယာဉ်တန်း ၁၂၀ ကျော်ဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ ပေါက်မြို့နယ်ဘက်ကို ဦးတည်ထွက်ခွာလာတာဖြစ်ပြီး လေးနာရီသာ ကြာမြင့်တဲ့ ခရီးဟာ ၂ လ ကျော်ကြာမြင့်တဲ့အထိ ပေါက်မြို့နယ်ဘက်ကို မရောက်ရှိနိုင်သေးတာ ဖြစ်ပါတယ်။၊
သံလွင်တိုင်းမ်