နေပြည်တော် ၊ ဇူလိုင် ၃၁

လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်ချက်တွေကို ပြင်ဆင်နေချိန်မှာ ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံ့အာဏာကို သိမ်းယူမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့လိုအပ်ချက်အရ စစ်ကောင်စီအနေနဲ့ နိုင်ငံ့တာ ဝန်တွေကို ထမ်းဆောင်ခဲ့တာ လေးနှစ်ခွဲကာလကို ရောက်ရှိခဲ့ပြီးလို့ ဇူလိုင် ၃၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

ရှေ့လုပ်ငန်းစဉ်တွေကို အောင်မြင်အောင်လုပ်ဖို့ အချိန်လိုအပ်ချက်တွေရှိခဲ့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီတာဝန်ထမ်းဆောင်မှု သက်တမ်းတိုးတာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ လေးနှစ်ခွဲကာလသို့ ရောက်ရှိပြီး ဒီကာလအတွင်း လုပ်ငန်းအရပ်ရပ် အားလုံးကို အခက်အခဲ ပေါင်းစုံကနေရင်ဆိုင်ကျော်လွှားပြီး လက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုတွေ အတွက် လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်း ဆောင်က ပြောပါတယ်။

ဒါတွေဟာ ဒုတိယစာမျက်နှာရဲ့အစဖြစ်ပြီး ပထမစာမျက်နှာကို ကျော်ဖြတ်ခဲ့ပြီးပြီမို့ ဒုတိယစာ မျက်နှာအစကို သွားကြဖို့နဲ့ ဒုတိယစာမျက်နှာအစမှာ အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အခက်အခဲပေါင်းစုံကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ယုံကြည်ကြောင်း သူက ဆက်ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတွေအားလုံး မဲပေးနိုင်ရေး အတတ်နိုင်ဆုံးဆောင်ရွက်သွားမှာဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့်မဲပေးဖို့ အခက် အခဲရှိသူတွေအ တွက်ကြိုတင်မဲတွေပေးနိုင်ရေးအတွက်လည်း ဥပဒေထုတ်ပြန်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်အတွေ့အကြုံတွေအရ လွှတ်တော်ကို အခုထက်ပိုမိုစနစ်တကျဖြစ်သင့်တယ်လို့ စစ်ခေါင်း ဆောင်ကထင်မြင်ယူဆတာပါ။

လွှတ်တော်ဟာ ဥပဒေပြုတဲ့သူတွေရဲ့ နေရာဖြစ်လို့ အခြေခံအနေနဲ့ ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင် နိုင်စွမ်း ကောင်းမွန်တဲ့သူတွေဖြစ်ဖို့လိုအပ်မှာဖြစ်တာကြောင့် ဥပဒေပြင်ဆင်ချက်တွေကို လည်း ထုတ်ပြန်ခဲ့တာလို့ သူက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.