နေပြည်တော်၊ ဇူလိုင် ၃၁
စစ်အုပ်စုရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်မှာ ပညာရေးဝန်ကြီးဌာန ပါဝင်ခြင်းမရှိတာကြောင့် ပြန်လည်ဖြည့်စွက်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
စစ်အုပ်စုဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ဝန်ကြီးဌာန ၃၀ နဲ့ ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် စစ်အုပ်စု ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးဌာန ပါဝင်ခြင်းမရှိတဲ့အပေါ် ပြည်သူလူထုအကြား ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ပညာရေးဝန်ကြီးဌာနကို ပြန်လည်ဖြည့်စွက်ဖွဲ့စည်းခဲ့တာပါ။
စစ်အုပ်စုက ပြန်လည်ဖြည့်စွက်ဖွဲ့စည်းလိုက်တဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာချောချောစိန်ကို ခန့်အပ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဘက်ကတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် (၄) ချက်မှာ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အမျိုးသားပညာရေးကဏ္ဍကို အလေးထားမြှင့်မယ်လို့ ကြေညာခဲ့ပေမယ့် အစိုးရသစ် ဖွဲ့စည်းမှုမှာတော့ ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI