ဖနွမ်းပင်၊ ဇူလိုင် ၃၁
ဆယ်စုနှစ်များစွာအတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး နယ်စပ် တိုက်ခိုက်မှု ရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ ဖမ်းဆီးသွားတယ်ဆိုတဲ့ စစ်သား ၂၀ ကို ပြန်လွှဲအပ်ဖို့ ကမ္ဘောဒီးယားက ထိုင်းကို ဇူလိုင် ၃၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
နှစ်ဖက်စလုံးမှာ လူ ၄၃ ဦး သေဆုံးခဲ့တဲ့ ၅ ရက်ကြာ တိုက်ခိုက်မှုတွေ အပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတာပါ။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်တယ်လို့ နှစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပေမယ့် သဘောတူညီမှု ရယူခဲ့တဲ့ အချိန်ကစပြီး မနက်ပိုင်းအချိန်အထိ တိုက်ခိုက်မှု မရှိဘူးလို့ ထိုင်းက ပြောပါတယ်။
မိမိတို့ စစ်သား ၂၀ ကို ပြန်လွှဲပြောင်းပေးရေး ဆွေးနွေးနေတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချက်ရယ်တာက ဆိုပါတယ်။
မိမိတို့ စစ်သားတွေ တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းစွာနဲ့ မိခင်နိုင်ငံဆီ ပြန်ရောက်ရှိလာစေရေး ထိုင်းကို တိုက်တွန်းတယ်လို့ သူက ပြောတာပါ။
ကမ္ဘောဒီးယား စစ်သားတွေကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် ၈ နာရီနီးပါး အကြာမှာ ထိုင်းစစ်သားတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကမ္ဘောဒီးယားစစ်သားတွေကို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေနဲ့အညီ စစ်ဥပဒေနဲ့အညီ ပြုမူ ဆက်ဆံနေပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းသွားရင် ပြန်လွှဲပေးမှာ ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗိုလ်ကာ တာ့ခ်က အိမ်နီးချင်း နှစ်နိုင်ငံအနေနဲ့ အပစ်အခတ် ရပ်စဲမှုကို အပြည့်အဝ လိုက်နာပြီး ပဋိပက္ခ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို ဖြေရှင်းရေး သံတမန်နည်းနဲ့ ဆက်လက် ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကြားဝင် စေ့စပ်မှုနဲ့ မလေးရှား နိုင်ငံမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ကြတာ ဖြစ်ပါတယ်။
နှစ်ဖက် တိုက်ပွဲတွေအတွင်း ထိုင်းစစ်သား ၁၅ ဦးနဲ့ အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ကမ္ဘောဒီးယား စစ်သား ၅ ဦးနဲ့ အရပ်သား ၈ ဦး သေဆုံးခဲ့ရပါတယ်။
Ref:AFP