နေပြည်နေတော်၊ ဇူလိုင် ၃၁
စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တပ်ချုပ်ကို နိုင်ငံ့အာဏာလွှဲအပ်စေခဲ့တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပယ်ဖျက်လိုက်ပြီး ကော်မရှင်အသစ် ဖွဲ့စည်းလိုက်လို့ ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နဲ့ ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာပြီး တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံ့တာဝန် လွှဲအပ်စေခဲ့တဲ့ ကိစ္စအပေါ် တာဝန်ပြီးမြောက် အောင် ဆောင်ရွက်ခဲ့တဲ့ အစီရင်ခံစာကို လက်ခံရရှိပြီလို့ ဖော်ပြပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံ့ခေါင်း ဆောင်တွေကို ဖမ်းဆီးပြီး နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ် ကြေညာခဲ့ပြီး နောက်ထပ် ၆ လသက်တမ်း အကြိမ်ကြိမ်တိုးယူမှုကို အဆုံးသတ်စေခဲ့တာပါ။
ဒါပေမယ့် စစ်ကောင်စီ ကြေညာထားတဲ့အချိန်ကာလအတိုင်း အထွေထွေရွေးကောက်ပွဲတွေ အပိုင်းလိုက် ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အမည်နဲ့ ယာယီသမ္မတက ဖွဲ့စည်းလာတာပါ။
နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်မှာတော့ အဖွဲ့ဝင်စုစုပေါင်း ၁၀ ဦးအထိ ပါဝင်ပြီး ယာယီသမ္မတ တာဝန်လွှဲယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီကော်မရှင်မှာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုဥက္ကဌအဖြစ် တာဝန်ယူပြီး အတွင်းရေးမှူးကိုတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးက တွဲဘက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တာဝန်ယူမှာပါ။
ကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၇ အရ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးနေစဉ်အတွင်း နိုင်ငံကာကွယ်ရေး လုံခြုံရေးနဲ့ အေးချမ်းရေးအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ဖို့ ဖွဲ့စည်းတာလို့ ဖော်ပြပါတယ်။
အထက်ပါ လုပ်ဆောင်ချက်တွေကို ဒီကနေ့ ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာ ကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကာလုံရုံးရဲ့ အမှု ဆောင်ချုပ်ကို ဦးအောင်လင်းဒွေးနဲ့ တွဲဘက်အမှုဆောင်ချုပ်တို့ကိုလည်း ခန့်အပ်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI