မော်လမြိုင်၊ ဇူလိုင် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတချို့ဟာ ထိန်းချုပ်နယ်မြေတွေ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ NUG ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားတွေအပါအဝင် တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးတွေ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူးနဲ့ရုံးအဖွဲ့တွေ၊ မြို့နေ ရပ်မိရပ်ဖိတွေ၊ သံဃာတော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခရီးစဉ်တလျှောက် အစိုးရအဖွဲ့ဝင်တွေနဲ့အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေရဲ့ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူးတာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိန်းချုပ်နယ်မြေ ကွင်းဆင်းရေး လုပ်ငန်းစဉ်မှာ NUG ယာယီသမ္မတက စစ်ဘေးရှောင် ပြည်သူလူထုတွေရဲ့ ဘေးဒုက္ခတွေကို အလေးအနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှတာနဲ့ ကူညီလှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.