နေပြည်တော် ၊ ဇူလိုင် ၃၁

စစ်ကောင်စီ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ပါက သေ ဒဏ်ချမှတ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ အတည်ပြုပြဌာန်းလိုက်ပါတယ်။

အခန်း ၈ ခန်း ပုဒ်မ ၃၂ ခုပါဝင်တဲ့ အဲဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ သေဒဏ်အထိ ချမှတ်မယ့် ရွေးကောက်ပွဲ ဥပဒေတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲကို မကောင်းကြောင်းပြောရုံနဲ့ ထောင်ဒဏ်တွေပါ ချမှတ်ခံရနိုင်ပါတယ်။

အဲဒီဥပဒေအရ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှာ လူတစ်ဦးတစ်ယောက် သေဆုံးမှု ဖြစ်ပွားပါက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အသီးသီးကို သေဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဒီဥပဒေဟာ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ပါတီတွေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲ နှောင့်ယှက်ရင်သူတွေကို သေဒဏ်ချမှတ်ဖို့ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘောမပါတီတွေက ဘာတင်လဲဆိုတော့ ကျွန်တော်တို့တဲ့ အန္တရာယ်အလွန်ရှိပါတယ်တဲ့။ ကျွန် တော်တို့ ရွေးကောက်ပွဲကို ဝင်ရွေးလို့ တကယ်လို့ ရွေးချယ်ခံရရင်တောင် အန္တရာယ်ပါတယ်။ အသက် အန္တရာယ်တွေပေါ့လေ။ အဲလိုပြောတဲ့အခါမှာ အဲဒီဥပ‌ဒေထွက်လာတာပဲ။ သူကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်။ နှောင့်ယှက်တဲ့ကောင်တွေ သေဖို့သာပြင်ဆိုပြီး လုပ်လိုက်တဲ့ ဥပဒေပဲလေနော်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဥပဒေထဲက စကားလုံး အသုံးအနှုန်းတွေအရ ထောင်ဒဏ်ချမှတ်ရမယ် သေဒဏ်ချမှတ်ရမယ်ဆိုပြီး သုံးနှုန်းထားတဲ့အတွက် မဖြစ်မနေ ချမှတ်ခိုင်းတာ ဖြစ်တာကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံတဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ သတိကြီးကြီးထားရမယ့် အခြေအနေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဥပဒေအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်ပြားစေရန် ဟောပြောတာ၊ ပြောဆိုတာတွေ လုပ် ဆောင်ရင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၇ နှစ်ထိချမှတ်ရမယ့်အပြင် လူစုလူဝေးနဲ့ကျူးလွန်ပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်၊ မဲရုံတာဝန်ရှိသူ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်၊ ဟန့်တား၊ နှောင့်ယှက်တာနဲ့ အပြင်းအထန် နာကျင်စေပါက ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်တွေ၊ ကော်မရှင်ရုံးနဲ့ မဲရုံအဆောက် အဦးတွေအပြင် သက်ဆိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးပါကလည်း ထောင်ဒဏ် ၅ နှစ်ကနေ ထောင်ဒဏ် တစ်သက်အထိ ချမှတ်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစမှာ ရွေးကောက်ပွဲ ပြုလုပ်သွားဖို့အတွက် မဲပေးစက် သင်တန်းပေးတာ၊ ရွေးကောက်ပွဲ ဥပ‌ဒေတွေ ပြင်ဆင်ပြဌာန်းတာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.