မန္တလေး ဇူလိုင် ၃၀
မန္တလေးတိုင်း ညောင်ဦးမြို့နယ်တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦး ကျဆုံးတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA) ရဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၂၈ ရက်မှာ ညောင်ဦးမြို့နယ် ဂန့်ဂါရွာက ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုခုခံရင်း ရဲဘော် အသေးလေး(ခ)နေတိုးအောင်နဲ့ ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်များအတွက် အသက်ကိုစွန့်ကာ အဖိနှိပ်ခံပြည်သူလူထုအကျိုးအတွက် တော်လှန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့မှုအပေါ် အချည်းနှီး မဖြစ်စေရဘူး။”လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့သတင်းနှင့်ပြန်ကြားရေးဌာန ဒုဌာနမှူးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့လည်း ကျဆုံးရဲဘော်တွေယုံကြည်ခဲ့တဲ့ ပြည်သူလူထုအားကို အားကိုးပြိး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ သူက ပြောပါတယ်။
ကျဆုံးရဲဘော် ၂ ဦးဟာ စစ်ကောင်စီရဲ့ စစ်ကား၁၅ စီးမှ ၂ စီးထွက်လာချိန်မှာ ကင်းယူထားရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အဲဒီပစ်ခတ်မှုမှာ ရဲဘော် အသေးလေးမှာ အရင်စထိပြီး ရဲဘော်အောင်ကြီးမှ ပြန်ဆွဲခေါ်ရာ ရန်သူပစ်လိုက်တဲ့ ကျည်ထိကာ ၂ ဦးစလုံး နေရာမှာကျဆုံးခဲ့တာလို့ သိရပါတယ်။
ကျဆုံးရဲဘော် ၂ ဦးနဲ့အတူ MA 1 ၁ လက်၊ MA 13 ၁ လက်တို့ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကာ စစ်ကြောင်းမှူး အဆင့်ရှိသူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပြီး သေဆုံး အလောင်း ၁ လောင်းကို ဇူလိုင် ၂၉ ရက်နေ့မှ စစ်ကြောင်းထိုးပြီး လာရောက်ယူဆောင်သွားတယ့်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ညောင်ဦးမြို့နယ်မှာရှိနေဆဲ ဖြစ်ပြီး အဲဒီစစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDO