နေပြည်တော် ၊ ဇူလိုင် ၃၁

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ၆ လ တစ်ကြိမ် တိုးယူထားတဲ့ စစ်ကောင်စီရဲ့ သက် တမ်းဟာ ကုန်ဆုံးဖို့ ရက်ပိုင်းနီးကပ်လာချိန်မှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကို တစ်ခုပြီးတစ်ခု ပြဌာန်းထုတ်ပြန်လာပါတယ်။

အဓိက လွှတ်တော်သုံးရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲဥပဒေကို စစ်ကောင်စီက ဆဌမအကြိမ် ပြင်ဆင်တဲ့ ဥပဒေအဖြစ် ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ သေဒဏ်အထိ ချမှတ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ရေးဥပဒေကိုလည်း စစ်ကောင်စီက ပြဌာန်းလာတာပါ။

အခုလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြဌာန်းလာတာဟာ ရွေးကောက်ပွဲကျင်းပဖို့ သေချာသလောက် ရှိနေတဲ့ အခြေအနေကို ပြသနေတာလို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲက လုပ်ကိုလုပ်မယ်ဆိုတဲ့ သဘောမျိုးပေါ့လေ။ဥပဒေ နည်းဥပဒေတွေက မထွက်သေးဘူး။ အခု (ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ) ထွက်ပြီဆိုတော့ ကျွန်တော်တို့ ပါတီတွေကလည်း အဲဒီ ဥပဒေ နည်းဥပဒေတွေကိုပဲ စောင့်နေတာ။ ရွေးကောက်ပွဲကတော့ လုပ်ဖို့ သေချာသလောက် ဖြစ်တာပေါ့ဗျာ” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေအတွင်း နိုင်ငံရေးထွက်ပေါက်ရအောင် ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးမယ်လို့ စစ်ကောင်စီက အကြိမ်ကြိမ် ကြွေးကြော်ခဲ့ဖူးပါတယ်။

ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်မှု အကြောင်းပြချက်နဲ့ နိုင်ငံကို စစ်ကောင်စီအမည်ခံ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ လေးနှစ်ကျော်ကြာ သွတ်သွင်းခဲ့ပြီးနောက်မှာတော့ ရွေး‌ကောက်ပွဲကျင်းပဖို့ ဆက်တိုက် ပြင်ဆင်လာခဲ့တာပါ။

လက်ရှိ ကြေညာထားတဲ့ ဒီဇင်ဘာ တတိယပတ်ကနေ ဇန်နဝါရီ ဒုတိယပတ်အထိ မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ အထွေထွေရွေးကောက်ပွဲတွေ အပိုင်းလိုက်ကျင်းပနိုင်ဖို့ စစ်ကောင်စီအတွက် လေးလကျော်လောက်သာ အချိန်ရတော့တာပါ။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြည်တွင်းနဲ့ နိုင်ငံတကာကို အကြိမ်ကြိမ် ကတိပေးပြောဆိုထားတဲ့ စစ်ကောင်စီအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ရွေးကောက်ပွဲကို သေချာပေါက် မဖြစ်မနေ ကျင်းပရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲကတော့ သူက (စကစ) သေချာပေါက် လုပ်ရမယ်လေ။ကတိပေးထားတာလည်း များနေပြီလေ။ ဒါကို မလုပ်တော့ဘဲနဲ့ ဒီအတိုင်း ၆ လ ၆ လ သွားမယ်ဆိုရင်လည်း အဆင်ကမပြေနေတော့ဘူးလေ။ နိုင်ငံတကာဖိအားတွေကလည်း လာတော့မှာပေါ့။ သူက သေချာပေါက် လုပ်ရတော့မယ်၊ မဖြစ်မနေလုပ်ကို လုပ်ရတော့မယ်လို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှု အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အ ခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပါတယ်။

အဲဒီနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်နိုင်တဲ့ သက်တမ်းကို စစ်ကောင်စီက မတည်ငြိမ်မှုအကြောင်းပြချက်နဲ့ အကြိမ်ကြိမ်တိုးယူခဲ့ပြီး နိုင်ငံဟာ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်တည်ရှိနေတာပါ။

ဇန်နဝါရီ ၃၁ ရက်နေ့မှာ တိုးယူထားတဲ့ အရေးပေါ်သက်တမ်းကလည်း ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာမို့ စစ်ကောင်စီက အဲဒီနေ့မှာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူရမှာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးအတွင်း စစ်ကောင်စီ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ရုတ်သိမ်းနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

ကာလုံအစည်းအဝေးမှာ တင်ပြချက်တွေအပေါ် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ယာယီသမ္မတကပဲ အဆုံးအဖြတ်ပေးရမှာဖြစ်လို့ အဲဒီရာထူးကို လွှဲပြောင်းရယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လိုသလို ဆုံးဖြတ်နိုင်တဲ့ အခင်းအကျင်းပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကျင်းပရာမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တာကို အခြေခံဥပဒေမှာ ပြဌာန်းထားတယ်လို့ ပြောဆိုထားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေကို ရုတ်သိမ်းကြောင်း ကြေညာရင် ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် အာဏာသိမ်းမှုအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေကို မကြာခဏ အပြောင်းအလဲလုပ်လေ့ရှိတဲ့ စစ်ကောင်စီ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်အနေနဲ့ ကြားဖြတ်အစိုးရကိုလည်း လက်ရှိ အဖွဲ့ဝင်တွေနဲ့ ဆက်လုပ်နိုင်တယ်လို့ ထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ကာလုံအစည်းအဝေးကနေ အမှန်တကယ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဘယ်လိုအခင်းအကျင်းမျိုးကို ဆုံးဖြတ်ပါစေ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အရင်ကတည်းက အသိပေးထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.