သထုံ၊ ဇူလိုင် ၂၉

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ချောင်းရေမြင့်တက်လာတာကြောင့် လူဦးရေ ၄၀၀ နီးပါး အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဒူးရင်းဆိပ်ချောင်းရေ စိုးရိမ်ရေမှတ်ကိုကျော်ပြီး ကျေးရွာထဲ ရေဝင်ရောက်လာတာကြောင့် အနိမ့်ပိုင်း ရပ်ကွက်နေထိုင်သူတချို့ကို အရေးပေါ် ပြောင်းရွှေ့ထားရတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျေးရွာထဲမှာ ၄ ပေကျော်အထိ ရေမြင့်တက်လာပြီး တစ်ထပ်အိမ်တွေဆိုရင် လူနေထိုင်လို့ မရတော့တဲ့ အခြေအနေကြောင့် အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့ထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒူးရင်းဆိပ်ကျေးရွာမှာ ရေဘေးယာယီကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်ထားပြီး လူဦး ရေ ၄၀၀ နီးပါး လာရောက်ခိုလှုံနေရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းအထိ မိုးဆက်လက်ရွာသွန်းနေပြီး ချောင်းရေကလည်း မြင့်တက်နေတာကြောင့် ထပ်မံရွှေ့ပြောင်းလာရမယ့် သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒူးရင်းဆိပ်ချောင်းအနီး ကျေးရွာ ၅ ရွာထက်မနည်းမှာလည်း ရေ ၃ ပေခန့် ဝင်ရောက်တာတွေ ရှိနေပေမယ့် ဒေသခံတွေက ပြောင်းရွှေ့တာ မရှိသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.