မော်လမြိုင် ၊ ဇူလိုင် ၂၉
မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်တာနဲ့ ရေကြီးရေလျှံတဲ့ သဘာဝဘေးကြုံနေရပေမယ့် စစ်ကောင်စီဘက်က လာမယ့်စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းအတွက် စစ်သားစုဆောင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းကို လာမယ့်သြဂုတ်ဒုတိယအပတ်မှာ ဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားတာကြောင့် စစ်မှုထမ်းသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စစ်သားစုဆောင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က စစ်မှုထမ်း စစ်သား စုဆောင်းနေတဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့စလို့ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လူဦးရေ သောင်းနဲ့ချီ သဘာဝဘေး ကြုံနေရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ် ဒေသခံ လူငယ် တစ်ဦးကတော့ အခုလိုသဘာဝဘေး ဖြစ်နေတဲ့အချိန်မှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်း နေတာကြောင့် လူငယ်တွေအနေနဲ့ ကူညီဖို့တောင် ကြောက်နေရသလို သဘာဝဘေး ဖြစ်နေတဲ့အချိန်မှာ လူငယ်တွေကို ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။
“အခုလိုမျိုး သဘာဝဘေး ဖြစ်နေတဲ့ အချိန်မှာတော့ အဆင်မပြေဘူးပေါ့လေ။ ကျွန်တော်တို့ဆို ပိုဆိုးတာပေါ့။ လူငယ်လည်း ဖြစ်တယ်။ ပြီးတော့ လိုက်ပြီးတော့ ကူညီနေတဲ့အချိန်မှာ သွားရလာရတာတော့ ကြောက်တာပေါ့။ ကျွန်တော်တို့ သွားရတာ လူငယ်ပိုင်းတွေကျတော့ ကူညီတဲ့အပိုင်းတွေကတော့ နည်းနည်း ပိုလျော့သွားတာပေါ့။ ဖြစ်နိုင်ရင် ဒီလိုမျိုး သဘာဝဘေးအချိန်မှာတော့ ဖမ်းဆီးတာတို့ ဘာတို့တော့ မလုပ်ရင်တော့ အဆင်ပြေတာပေါ့။ စစ်မှုထမ်းကြောင့်ပေါ့ ပြင်ပကို ထွက်သွားတဲ့ လူငယ်တွေ တော်တော်များတယ်”လို့ ဆိုပါတယ်။
အခုလို သဘာဝဘေးဖြစ်နေတဲ့အချိန်မှာတောင် စစ်မှုထမ်းအတွက် လူသစ် စုဆောင်းနေတာကြောင့် အရင်လို လူငယ်တွေအနေနဲ့ တက်တက်ကြွကြွ ကူညီကယ်ဆယ် မရဲကြတော့သလို လူ ငယ်တွေ မရှိတဲ့အတွက် သဘာဝဘေး တုံ့ပြန်နိုင်မှုလည်း သိသိသာသာ လျော့နည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းက ပြည်သူတွေ သဘာဝဘေးဒဏ်ကို ခံစားရချိန်မှာ စစ်ကောင်စီက စစ်မှုထမ်း သင်တန်းအတွက်ဆိုပြီး လူငယ်လူရွယ်တွေကို ညအချိန် ဖမ်းဆီးခေါ်ဆောင်တာ၊ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ဖမ်းဆီးစုဆောင်းတာအပြင် ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်တာတွေလည်း ရှိနေတာပါ။
စစ်ကောင်စီက စစ်မှုထမ်းစစ်သားစုဆောင်းနေတဲ့ မွန်ပြည်နယ်မှာတော့ လေပြင်းတိုက်ခတ်တာနဲ့ ရေကြီးရေလျှံတာကြောင့် လူတစ်ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို နေအိမ် ၅၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးထားပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ စစ်မှုထမ်း စစ်သားစုဆောင်းခံရတဲ့ လူငယ် ၂၅၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ