မော်လမြိုင်၊ ဇူလိုင် ၂၉

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ သထုံမြို့နယ် ပုတိန်ရိုးကျေးရွာက Kpay ဆိုင်တစ်ခုမှာ ပိုက်ဆံထုတ်ပြီး ပြန်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းဇော်ဦးနဲ့ ဦးအောင်ကိုဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

သူတို့ နှစ်ဦးဟာ ပိုက်ဆံထုတ်ပြီး ပြန်လာစဉ် ပုတိမ်ရိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ အရောက်မှာ အနီးကပ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးဟာ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တွေလည်း ဖြစ်သလို စစ်ကောင်စီတပ်နဲ့အတူ ပုတိန်ရိုးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲနေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေ ၇ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ် ဒေါင်းရွာကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၄၉ နှစ်အရွယ် စောဘခက်ကို သေနတ်သမားနှစ်ဦးက နေအိမ်အနီးမှာပဲ သေနတ်နဲ့လာရောက်ပစ် ခတ်သွားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် စောဘက်ခက်ဟာ လက်နဲ့ ဝဲဘက်နံစောင်းအနီးမှာ ကျည်ထိမှန်ဒဏ်ရာရရှိပြီး မော်လမြိုင်စစ်ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ရထားလမ်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.