ဘားအံ၊ ဇူလိုင် ၂၉
ကရင်ပြည်နယ် ဘားအံမြို့၊ မြဝတီမြို့တွေမှာ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ရေတွေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေ ဘေးလွတ်ရာဆီ ရှောင်ရှားကြဖို့ စစ်ကောင်စီရဲ့ မိုးလေဝသဌာနက ဇူလိုင် ၂၈ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် ၁ ရက်အတွင်း ၂ ပေခန့်မြင့်တက်လာနိုင်ကာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသက ခန့်မှန်းပါတယ်။
ဘားအံမြို့မှာလည်း သံလွင်မြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ဆက်လက်တည် ရှိနိုင်တယ်လို့ မိုးလေဝသက ဆိုထားပါတယ်။
ဒါကြောင့် ဘားအံမြို့နယ်နဲ့ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရှောင်ရှားနိုင်ဖို့ မိုးလေဝသက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးမှုကြောင့် ဒေသခံ လူဦးရေ ၅၀၀၀ ကျော်ကို ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဆီ ရွှေ့ပြောင်းပေးနေရတယ်လို့ သိရပါတယ်။
သံလွင်မြစ်ရေကြီးလာမှုနဲ့ မိုးများပြီး တောင်ကျရေစီးဆင်းလာမှုကြောင့် ဘားအံမြို့က ရပ်ကွက်အားလုံးနီးပါးနဲ့ မြစ်ကမ်းတလျှောက်နားက ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်ခဲ့ပြီး အသွားအလာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် ဘားအံ-မော်လမြိုင်ကားလမ်းနဲ့ ဘားအံ-သထုံကားလမ်းပိုင်းက နေရာတွေတချို့မှာ ရေကျော်နေသလို ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူတွေကို ဆက်လက်ရွှေ့ပြောင်းကူညီပေးနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
အခု တစ်ပတ်အတွင်း ကရင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုနဲ့ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှု၊ တောင်ကျရေစီးဆင်းမှုတွေကြောင့် ဒေသခံတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး သစ်ပင်ပြိုလဲကျမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ရေနစ်မြုပ်တာနဲ့ ထိခိုက်ပျက်စီးသွားတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ