ဘားအံ၊ ဇူလိုင် ၂၄
ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကော်သူးလေမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ ရေသန့် အစား အစာခြောက် ဆေးဝါးစတာတွေကို ပြင်ဆင်ထားကြဖို့နဲ့ အမြန်ပြောင်းရွှေ့ဖို့ လိုအပ်ပါက အနီးဆုံး ဘေးကင်းလုံခြုံတဲ့ နေရာ တွေကို ပြောင်းရွှေ့ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဇူလိုင် ၂၃ ရက်နေ့မှာ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းဟာ ကော်သူးလေအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ဘက်ကို ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်နိုင်ခြေရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုထားပြီး အဲဒီမုန်တိုင်းဟာ ပိုမိုအားကောင်းလာတာကြောင့် ရပ်ရွာတွေအတွက် အလွန်အန္တရာယ်များနိုင်တယ်လို့ KNU က ဆိုထားပါတယ်။
ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းဟာ အလွန်ပြင်းထန်တဲ့ မိုးရွာတာ လေပြင်းတိုက်ခတ်တာနဲ့ ရေလွှမ်းမိုးတာတွေကို ဖြစ်နိုင်စေပြီး မြေနိမ့်ဒေသတွေ မြစ်တွေအနီးရှိ နေရာတွေနဲ့ တောင်ကုန်းတွေမှာ ရုတ် တရက်ရေကြီးတာ၊ မြေပြိုတာတွေ ကြုံတွေ့ရနိုင်တယ်လို့ KNU ရဲ့ အရေးပေါ်ကြေညာချက်မှာ ဖော်ပြါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ဓာတ်အားလိုင်းတွေ သစ်ပင်တွနဲ့ လယ်ယာတွေ ပျက်စီးနိုင်ပြီး အဲဒီသက်ရောက်မှုတွေဟာ ကျွန်ုပ်တို့ရဲ့ ဘေးကင်းရေး အစားအသောက်ထောက်ပံ့မှုနဲ့ သယ် ယူပို့ဆောင်ရေးတို့ကို အကြီးအကျယ်ထိခိုက်စေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုတွေအနေနဲ့ ရေသန့် အစားအစာခြောက် ဆေးဝါးတွေ ဓာတ်မီး ဘက်ထရီမီးတွေနဲ့ အ ရေးကြီးစာရွက်စာတမ်းတွေကို ရေစိုခံအိတ်တွေမှာ သိမ်းဆည်းထားတဲ့ အရေးပေါ် ကိရိယာအစုံကို ပြင်ဆင်ထားဖို့ KNU က တိုက်တွန်းပါတယ်။
ဒါ့အပြင် မိမိတို့မိသားစုနဲ့အတူ ရွှေ့ပြောင်းရေးလမ်းကြောင်းကို စီစဉ်ထားပြီး အမြန်ပြောင်းရွှေ့ဖို့လိုအပ်ပါက အနီးဆုံး ဘေးကင်းလုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ပြီး မွေးမြူထားတဲ့ တိရိစ္ဆာန်တွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ပိုမိုလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခြင်းဖြင့် ကာကွယ်ကြဖို့ တိုက်တွန်းအသိပေးထားပါတယ်။
ဒေသတွင်း ရေဒီယို၊ ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေကို နားဆင်ပြီး အချက်အလက်တွေကိုရယူတာတွေသာမက မိမိတို့ရဲ့ အိမ်နီးချင်း အထူးသဖြင့် သက်ကြီးရွယ်အိုတွေ မသန်စွမ်းသူတွေနဲ့ က လေးသူငယ်တွေရှိတဲ့ မိသားစုကို ဂရုစိုက်ပြီး တစ်ဦးနဲ့တစ်ဦး ဘေးကင်းလုံခြုံအောင်နေဖို့အတွက် အသိပေးကြပါလို့ KNU က ဆိုပါတယ်။
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာဟာ အလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ရောက်ရှိနေပြီး ဇူလိုင် ၂၂ ရက်နေ့က ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ကာ အဲဒီကုန်းတွင်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုမှာ နေရာကွက်မိုးကြီးနိုင်တာပါ။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ လျှပ်စီးလက်တာ မိုးကြိုးပစ်တာ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနိုင်ဖို့ လိုအပ်တယ်လို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ