လောင်းလုံး၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးသုံးလုံး ပစ်ခတ်ရာကနေ မောင်းမကန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကြောင့် မောင်းမကန်ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ဦးဘုသီးနဲ့ အသက် ၆ နှစ်အရွယ် မောင်အောင်သူရိန်ဖြိုးတို့ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ပန်းတောပြင်ကျေးရွာထဲကို စစ်ကောင်စီတပ် လက် နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဦးဉာဏ်စော နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာ ရှိနေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးဉာဏ်စော ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးအဖွဲ့တွေ နေထိုင်တာလည်းမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် အင်ဝန်းကျေးရွာထိပ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချမှုကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.