မော်လမြိုင် ၊ ဇူလိုင် ၂၄
လာမယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှာ မဲပေးစက်တွေ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့် ပွားသင်တန်းတွေကို စစ်ကောင်စီက တောက်လျှောက် ဖွင့်လှစ်လာနေပါတယ်။
မွန်ပြည်နယ်တောင်ပိုင်းက နယ်မြေဧရိယာကျယ်ပြန့်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်တွေ လှုပ် ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်အပါအဝင် ကျိုက်မရောမြို့နယ်တို့မှာ မဲပေးစက်ကိုင်တွယ်အသုံး ပြုခြင်းသင်တန်းကို ဇူလိုင် ၂၁ ရက်နေ့က စတင်ပို့ချခဲ့တာပါ။
ရေးမြို့နယ်အနေနဲ့ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်းမှာ ပြုလုပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၃၈၄ ဦး တက်ရောက်ကာ နှစ်ရက်ကြာ ပို့ချပေးခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်အဖြစ် သတ်မှတ်ခံထားရတဲ့ ရေးမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဦးစီးအ ရာရှိက အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုမှုနဲ့ပတ်သက်ပြီး ရှင်းလင်းကာ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အသင်းအဖွဲ့တွေက လက်တွေ့စမ်းသပ် မဲပေးခဲ့ကြတာပါ။
အလားတူ ကျိုက်မရောမြို့နယ်မှာလည်း အီလက်ထရောနစ်မဲပေးစက်တွေ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ဇူလိုင် ၂၆ ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာတော့ သင်တန်းနည်းပြ ကိုးဦးကနေ သင်တန်းသား သင်တန်းသူ ၃၇၉ ဦးတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒါပေမယ့် အဲဒီမြို့နယ်နှစ်ခုစလုံးမှာ ဘယ်ဌာနကဝန်ထမ်းတွေ သင်တန်းတက်ရောက်ခဲ့သလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က အသေးစိတ် မဖော်ပြထားပါဘူး။သတင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေအရ သင်တန်း တက်ရောက်သူတွေဟာ ပညာရေးဌာနက ဆရာဆရာမတွေ အများဆုံးပါဝင်ပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ မြို့နယ်အလိုက် ပညာရေးဌာနက ဝန်ထမ်းတွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဝန်ထမ်းတွေ တက်ရောက်ရတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ပညာရေးဌာနက ဆရာ၊ဆရာမတွေဟာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို တက်ရောက်ဖို့ မဲနှိုက်ရပြီး သင်တန်းဆိုင်ရာ အချက်အလက်တွေနဲ့ တက်ရောက်ကြောင်းကိုတော့ လူမှုကွန်ရက်တွေမှာ ဖော်ပြခြင်းမပြုဖို့ စစ်ကောင်စီက တားမြစ်ထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ ရေးမြို့နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ဖို့ ဇူလိုင် ၂၀ ရက်နေ့က တည်းက သတိပေးတားမြစ်ချက် ထုတ်ပြန်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးတွေ Non – CDM တွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ အတူတကွ သွားလာတာ၊ သင်တန်းတက်တာ၊ လုပ်ငန်းအကောင်အထည်ဖော်တာတွေ လုံးဝမပြုလုပ်ကြဖို့ ဖြစ်ပါတယ်။
တားမြစ်ချက်တွေကို မလိုက်နာဘူးဆိုရင် တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူက သံ လွင်တိုင်းမ်ကို ပြောထားတာပါ။
ပြီးခဲ့တဲ့ ဇွန်နှောင်းပိုင်းမှာလည်း စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI