ဘီးလင်း၊ ဇူလိုင် ၂၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အလူးလေးကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီမိုင်းဆွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာလမ်းကြောင်းကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ အလူးလေးကျေးရွာ အရှေ့ပိုင်းက နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာရှိတဲ့ အသက် ၁၄ နှစ်အရွယ် မနိုးနိုး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ သံတံတားအနီးမှာ လိုင်စင်မဲ့ယာဉ်ဖမ်းနေတဲ့ စစ်ကောင်စီအဖွဲ့မိုင်းဆွဲခံရတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ