ကော့ကရိတ်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မောခီးကျေးရွာအုပ်စု ထီးသဲလယ်အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

KNU ရဲ့ ထီးသဲလယ်အထက်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲခံရတာကြောင့် ကျောင်းအဆောက်အအုံတွေ၊ အားကစားခန်းမ၊ အိမ်သာနဲ့ကျောင်းဈေးဆိုင်ငယ်တွေ၊ကျောင်းအနီးရှိ လူနေအိမ် နှစ်လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနဲ့ ပြည်သူတွေ နေထိုင်ရာအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီဘက်က မကြာခဏ ဗုံးကြဲတိုက်ခိုက်လျက်ရှိတယ်လို့ KNU က အသိပေးထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့နဲ့ ထိခိုက်တဲ့ ပြည်သူ့လူထုတွေအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ထောက်ပံ့ပေးဖို့ KNU က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.