မော်လမြိုင် ၊ ဇူလိုင် ၂၀
မွန်ပြည်ကာကွယ်ရေးတပ် MSDF အတွင်း ဖြစ်ပွားနေတဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ စုံစမ်းညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
MSFC ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်ကို အမှုမှန်ပေါ်ပေါက်စေရေးနဲ့ ပြန်လည်သင့်မြတ်စေရေး ရည်ရွယ်ချက်နဲ့ စုံစမ်းညှိနှိုင်းရေးကော်မတီကို ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင် ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။
အဲဒီကော်မတီကို ဖွဲ့စည်းရာမှာ အမှုမှာပါဝင်ပတ်သက်တဲ့ ကောင်စီဝင်နှစ်ဦးဖြစ်တဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ နှစ်ဦးစလုံးရဲ့ သဘောတူညီချက်နဲ့အတူ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ တာဝန်အပ်နှင်းချက်အရ ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဘုန်းမြတ်က MSDF ရဲ့ အထွေထွေအတွင်း ရေးမှူးဖြစ်သူက သူတို့တပ်တွင်းမှာ ဥက္ကဌက သူ့ကိုပစ်မိန့်ပေးတဲ့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီကို တိုင်ကြားစာ ပေးပို့လာတဲ့အတွက် အခုလို ကော်မတီဖွဲ့ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဇူလိုင် ၁၀ ရက်နေ့မှာ MSDF ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ နိုင်ကိုသူကနေပြီးတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီဆီကို တိုင်ကြားစာတစ်စောင် ပေးပို့လာပါတယ်။ ဒီတိုင်ကြားစာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ MSDF တပ်တွင်းမှာ ပြဿနာတွေ ဖြစ်ကြတယ်။ ဒီပြဿနာမှာတော့ အတွင်း ရေးမှူးဖြစ်တဲ့ နိုင်ကိုသူကို ဥက္ကဌဖြစ်တဲ့ ဒေါက်တာ သီရိမွန်ချမ်းကနေပြီးတော့ ပစ်မိန့်ပေးစေခိုင်းတဲ့အထိ ပြဿနာတွေဖြစ်ကြတယ်လို့ ဖြစ်စဉ်ကို ရေးသားထားပြီးတော့ တိုင်ကြားစာတစ်စောင် ပေးပို့လာတာဖြစ်တယ်”လို့ ဆိုပါတယ်။
စုံစမ်းညှိနှိုင်းရေးကော်မတီမှာတော့ ကောင်စီဝင်တွေဖြစ်တဲ့ နိုင်ကောင်းရွက် သဘာပတိ (၁) အပါအ ဝင် မိကွန်းချမ်းနွန် သဘာပတိ (၂) စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ ဥက္ကဌနဲ့ ဥပဒေပြုရေးကော်မတီက နိုင်အောင်ချိုင်းသိုက်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့ အကောက်အခွန်ဌာနက ဌာနမှူး ဗိုလ်ရန်နိုင်အပြင် အခြားကောင် စီဝင်တွေဖြစ်တဲ့ နိုင်သဟမန်၊ မိသုတဇဝ်နဲ့ ပြည်ထဲရေးဌာနက ဌာနမှူး နိုင်ဘုန်းမြတ်တို့လည်း စုံစမ်းညှိနှိုင်းရေးကော်မတီမှာ ပါဝင်ကြပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီက ကော်မတီဥက္ကဋ္ဌ ဒေါက် တာ သီရိမွန်ချမ်းကို ပေးအပ်ထားတဲ့ တာဝန်တွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းပြီး အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်လို့ ဇူလိုင် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ဒေါက်တာ သီရိမွန်ချမ်းရဲ့ အပြုအမူအပြောအဆို ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေအပေါ် ဆက် လက်ယုံကြည် လက်တွဲလုပ်ဆောင်ဖို့ အဆင်မပြေမှုတွေ အခက်အခဲတွေ ဖြစ်ပေါ်လာတာမို့ ကော်မ တီဝင်အားလုံးရဲ့ ဆန္ဒအရ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ MSDF ဘက်က ဆိုပါတယ်။
ဒီအပေါ် ဒေါက်တာ သီရိမွန်ချမ်းက ဇူလိုင် ၇ ရက်နေ့မှာ MSDF ရဲဘော်တွေ လက်နက်အားလုံး ဌာနချုပ်မှာ ပြန်ထားဖို့ ဆုံးဖြတ်ချက်ချထားတာကို အထွေထွေအတွင်းရေးမှူး နိုင်ကိုသူက အမိန့်ကိုမနာခံဘဲ ပြန်ယူဖို့ လုပ်တဲ့အတွက် တပ်ကနေခွဲထွက်မယ့် ကိစ္စလို့ သံလွင်တိုင်မ်းကို ဖြေကြားထားတာပါ။
ဒါကြောင့် မြေပြင်မှာရှိနေတဲ့ MSDF တပ်မှူးကနေတဆင့် လက်နက်တွေ ပြန်မယူသွားဖို့ အမိန့်ပေးခဲ့ပြီး တကယ်လို့ တားဆီးလို့ မရရင် လက်နက်နဲ့ ပြန်တုံ့ပြန်ရင် နိုင်ကိုသူကို ပစ်သတ်ဖို့အထိ ဒေါက် တာသီရိမွန်ချမ်းက အမိန့်ပေးခဲ့တာပါ။ ဒီအပေါ် ဒေါက်တာ သီရိမွန်ချမ်းကလည်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စုံစမ်းညှိနှိုင်းရေးကော်မတီက စုံစမ်းမေးမြန်းခြင်း လုပ်ငန်းတွေဆောင်ရွက်နေပြီး လုပ် ငန်းစဉ်ပြီးဆုံးရင် ကော်မတီရဲ့ စုံစမ်းတွေ့ရှိချက်နဲ့ ဆုံးဖြတ်ချက်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ အသိပေးထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
နိုင်ဘုန်းမြတ်ကတော့ ကော်မတီရဲ့ လုပ်ငန်းစဉ်အရ အမှုမှာ ပါဝင်ပတ်သက်နေသူအားလုံးနဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပြီး အဲဒီကနေ ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
“အဓိကကတော့ အမှုထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ အားလုံးနဲ့ တွေ့ဆုံ စကားပြောဖို့ ဖြစ်ပါတယ်။ပြီးရင်တော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစီရင်ခံချက် ထွက်ပါမယ်။ထွက်ပြီးရင် ကောင် စီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိပါတယ်။အဓိက ကော်မတီရဲ့ သက်တမ်းက ဩဂုတ်လကုန်အထိတော့ နောက်ဆုံးထားပြီး ကျွန်တော်တို့ သတ်မှတ်ထားပါတယ်”လို့ ဆိုပါတယ်။
စုံစမ်းညှိနှိုင်းရေးကော်မတီ စတင်ဖွဲ့စည်းတဲ့ရက်ကစတင်ပြီး အမှုမှာ သက်ဆိုင်သူနှစ်ဦး ဖြစ်တဲ့ ဒေါက်တာသီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို မီဒီယာတွေမှာ အမှုနဲ့ ပတ်သက်လို့ ထုတ်ဖော်ရေးသားပြောဆိုခြင်း မလုပ်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။
ဒါဟာ အမှုစုံစမ်းညှိနှိုင်းနေတဲ့ ကာလမှာ ပြဿနာတွေ ပိုမကြီးထွားလာဖို့ ရည်ရွယ်တာလို့ နိုင်ဘုန်းမြတ်က ထောက်ပြပါတယ်။
တစ်ဘက်မှာ ဒေါက်တာသီရိမွန်ချမ်းပါဝင်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် ဗဟိုစစ်ဌာနချုပ်ကနေ ဇူလိုင် ၁၃ ရက်နေ့မှာ အစည်းအဝေးကျင်းပြီး လစ်လပ်နေတဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်ကော်မတီနဲ့ စစ်ဦးစီးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ MSDF Central အမည်နဲ့ Facebook စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ဇူလိုင် ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ထည့် သွင်းဖော်ပြခြင်း မရှိသလို သံလွင်တိုင်းမ်အနေနဲ့ ဒီကိစ္စကို မေးမြန်းခဲ့ပေမယ့် ရေရာတဲ့ တုံ့ပြန်ချက်တော့ မရရှိခဲ့ပါဘူး။
မွန်လူထုတွေကတော့ တော်လှန်ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလမှာ ကိုယ့်အချင်းချင်း အာ ဏာလုဖို့ ကြိုးပမ်းနေကြတာဟာ အလွန်စိတ်ပျက်စရာကောင်းတာမို့ ပြေလည်အောင် ညှိနှိုင်းပြီး ကျရာတာဝန်ကို ကျေပွန်အောင်လုပ်ဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။
MSDF အမှုမှာ အဓိက သက်ဆိုင်သူနှစ်ဦးတို့ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တတိယကြိမ်ညီ လာခံကနေ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူတွေပါ။
ဒေါက်တာ သီရိမွန်ချမ်းကို အခြားသူနှစ်ဦးနဲ့အတူ သဘာပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်ထားသလို နိုင်ကိုသူကိုလည်း ကောင်စီရဲ့ ကာကွယ်ရေးဌာနက ဒုဌာနမှူးအဖြစ် တာဝန်ပေးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSDF