ပုလော၊ ဇူလိုင် ၁၉

ဒီကနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ စစ်ကောင်စီက တနင်္သာရီတိုင်း ပုလောမြို့နယ် မိမ္မမြို့ကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဟာ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ ပုလောမြို့နယ် မိမ္မမြို့ကျေးရွာကို ပေါင် ၃၀၀ တစ်လုံး ကြဲချပြီးနောက် စက်သေနတ်တွေပါ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

လတ်တလော သတင်းတွေအရ စစ်တပ် ဗုံးကြဲမှုအတွင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ခံကတော့ ထိ ခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူတွေကို ဆက်လက်စိစစ်နေဆဲ ဖြစ်ပြီး အရေအတွက် ထပ်တိုးလာနိုင်တယ်လု့ိ ဆိုပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်တက်ရောက်လာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.