ဘရပ်ဆဲလ်၊ ဇူလိုင် ၁၉

ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေမှု ရပ်တန့်ရေး အီးယူနဲ့ ဗြိတိန်တို့က ရုရှား အပေါ် ဖိအားပေးမှု အရှိန်မြှင့်တဲ့အနေနဲ့ ဇူလိုင် ၁၈ ရက်မှာ အမြင့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်ကို လျှော့ချလိုက်ပြီး အဓိက ရေနံ တင်ပို့မှုတွေက ရရှိနေတဲ့ ဝင်ငွေကို ပိတ်ဆို့လိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှား ကျူးကျော် တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ၁၈ ကြိမ်မြောက် အရေးယူပိတ်ဆို့မှု အစီအစဉ် တစ်စိတ်တစ်ပိုင်း ဒဏ်ခတ်မှုတွေက ရုရှား ဘဏ်စနစ်နဲ့ စစ်ရေးစွမ်းပကားတွေကိုလည်း ပစ်မှတ်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အပစ်ရပ်ရေး သဘောတူညီမှု ရယူဖို့ ပျက်ကွက်နေတဲ့အတွက် ရုရှားကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားတဲ့ အတိုင်း လက်တွေ့ လုပ်၊မလုပ် မဟာမိတ်တွေက စောင့်ကြည့်နေချိန်မှာ အခုလို လုပ်ရပ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သတင်းစကားက ရှင်းပါတယ်။ ယူကရိန်းကို ထောက်ပံ့ကူညီရာမှာ အီးယူက လုံးဝ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ရုရှားက စစ်ပွဲကို အဆုံးသတ်လာတဲ့ အထိ အီးယူက ဆက်လက် ဖိအားပေးသွားမှာ ဖြစ်ပါတယ်လို့ အီးယူ နိုင်ငံခြားရေးဝန်ကြီး ကာဂျာ ကောလက်စ်က ပြောပါတယ်။

အီးယူရဲ့ ဈေးနှုန်း ကန့်သတ် ဒဏ်ခတ်ပိတ်ဆို့မှုမှာ ဗြိတိန်နိုင်ငံလည်း ပူးပေါင်းပါဝင်ထားတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မေက ပြောထားပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှား စွမ်းအင်ကဏ္ဍရဲ့ နှလုံးသဲပွတ်နေရာကို ထိုးနှက်လိုက်တာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြိုဆိုပြီး အချိန်ကိုက် မရှိမဖြစ် လုပ်ဆောင်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်လည်း ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ရာမှာ ပါဝင်လာရင် ပူတင်အနေနဲ့ အပစ်ရပ်စဲရေး ဖိအားရှိလာမှာ ဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် နိုအယ် ဘာရော့က ပြောတာပါ။

ဒါပေမဲ့ ကရင်မလင်နန်းတော်က သက်ရောက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တန်ပြန်ရိုက်ခတ်နိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.