မော်လမြိုင် ၊ ဇူလိုင် ၂၀

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားမှန်သမျှကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်း ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်ထဲကနေ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတင် ကုန်တင်ကားမှန်သမျှကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုလမ်းပိုင်းတွေမှာ ပိတ်ဆို့ ဖမ်းဆီးနေတာပါ။

ထိုင်းကုန်ပစ္စည်းတင် ကုန်တင်ကားတွေကို အတင်အကျပ် ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကုန်သည်တချို့ ဟာ ထိုင်းကုန်ပစ္စည်းတွေ မသယ်ဆောင်ရဲတော့တဲ့အတွက် ကုန်စည် စီးဆင်းမှု ရပ်တန့်ကာ ထိုင်းကုန်ပစ္စည်းတချို့ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ကုန်သည် တစ်ဦးကတော့ စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်ကာ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ဈေးနှုန်း မြင့်တက်လာပြီး ပစ္စည်းထပ်မဝင်ပါက ပိုဆိုးလာနိုင်တယ်လို့ ပြောပါတယ်။

“အရင်လည်း ဖမ်းနေတာပဲ။ အခုလည်းဖမ်းနေတာပဲ။ အထက်က ညွှန်ကြားချက်ကြောင့် သူတို့ ဖမ်းတာ။ ထိုင်းကုန်ကတော့ အနည်းဆုံး ၁၅ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း အဲဒီလောက်တော့ တက်ကြတယ်။ ပုံမှန်တော့ တက်နေတာပဲ။၂၀ ရာခိုင်နှုန်းတက်ပေမယ့်လည်း ပစ္စည်းရရင်တော့ ပြဿနာ မရှိဘူး။ ပစ္စည်းမရောက်တဲ့အခါကျတော့ ပိုဆိုးတာပေါ့”လို့ ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်ပစ္စည်းတွေဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ မဝင်တော့တဲ့အတွက် ဈေးကွက်အတွင်း လက်ကျန်ကုန်ပစ္စည်းတွေကိုသာ ရောင်းချနေရပြီး အချိန်ကာလကြာမြင့်လာပါက ကုန်ပစ္စည်းတွေ ပြတ်လပ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကောင်စီဟာ ထိုင်းကုန်ပစ္စည်းတင် ကုန်တင်ကားတွေကို ဖမ်းဆီးတဲ့နေရာမှာ ဂျူတီဆောင်လာတဲ့ ကားတွေအပြင် ဂျူတီ မဆောင်တဲ့ ကားတွေကိုပါ တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေပြီး ဂျူတီမဆောင်တဲ့ ကားတွေကိုတော့ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းကုန်ပစ္စည်းတွေဟာ လက်ရှိ မိုးတွင်းကာလ ဖြစ်တာကြောင့် လမ်းပျက်စီးတဲ့ကြားက ခက်ခက်ခဲခဲ သယ်ဆောင်ရတဲ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဂိတ်တွေကို ငွေကြေး အဆမတန် ပေးပြီး ဖြတ်သန်းခဲ့ပြီးမှ အခုလို ဖမ်းဆီးခံရတဲ့အတွက် နစ်နာဆုံးရှုံးမှု များတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

မွန်ပြည်နယ်ဟာ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကိုပါ အဓိက အားထား အသုံးပြုနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဇူလိုင် ၁၉ ရက်နေ့ထိ တရားမဝင် ကုန်ပစ္စည်းတင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းကုန်ပစ္စည်း တင်ဆောင်တဲ့ ကုန်တင်ကား ၂၀၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.