ပုလော၊ ဇူလိုင် ၂၀

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ရေးအရှိန်မြှင့်မှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းချရာနေရာတွေနဲ့ တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဇူလိုင် ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့လက်ဝေခံ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ အသိပေးထားပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်ချိန်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အနီးအနားတဝိုက်မှာ ရောက်ရှိနေပါကလည်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ကျည်ကွယ်မျက်ကွယ်နေရာတွေကို အကာအကွယ်ယူပြီး တတ်နိုင်သမျှ လုံလုံခြုံခြုံနေထိုင်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာလည်း ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားဖို့နဲ့ အရေးကြီးစာရွက်စာတမ်းတွေ တန်ဖိုးရှိပစ္စည်းတွေကို သေသေချာချာ ထုပ်ပိုးထားကြဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံကတော့ စစ်ရေးအရှိန်မြှင့်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ထိခိုက်တာမျိုး မဖြစ်အောင် ကြိုတင်အသိပေးရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဟာ အာဏာသိမ်းကာလအတွင်း ပုလောမြို့နယ်အပါအဝင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ပွဲပေါင်း ၁၅၀ ကျော် ဆင်နွှဲထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Myeik PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.