မတ္တရာ၊ ဇူလိုင် ၁၉
နိုင်ငံတစ်ဝန်းမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၃၃ ဦးနဲ့ အမျိုးသား ၂၁ ဦး စုစုပေါင်း ၅၄ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်ပြီး သေဆုံးမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းမှာ ၂၆ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ၁၁ ဦးနဲ့ သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် မောင်ချမ်းမြေ့အောင်မှာ ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းဗုံးကြဲခံရတဲ့ နေရာကို ဒေသခံတွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန် မတ္တရာအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးပိုင်း အရွယ် ဦးခင်မောင်ကို ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေးတွေရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ပြည်သူ စုစုပေါင်း ၆၉၇၁ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ