မော်လမြိုင်၊ ဇူလိုင် ၂၀
စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေ ဆက်တိုက်အလင်းဝင်လာတယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ကနေ ဇူလိုင် ၁၈ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ သုံးရက်အတွင်း တော်လှန်ရေးရဲဘော် ၄၄ ဦးအထိ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေဟာ တအောင်းတပ်မတော် TNLA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ မန္တလေး PDF ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA ၊ မွန် PDF က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ ရဲဘော်တွေကို စစ်ကောင်စီဘက်က နွေးထွေးစွာ လက်ခံကြိုဆိုပြီး ခံဝန်ကတိထိုးစေခိုင်းကာ ဆုကြေးငွေတွေအပါအဝင် အစားအသာက်တွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဝါဒဖြန့်ထားပါတယ်။
သံလွင်တိုင်းမ်က တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်မေးမြန်းမှုတွေအရ စစ်ကောင်စီထံ ဘယ်တော်လှန်ရေးရဲဘော်တွေကမှ အလင်းဝင်တာ မရှိကြောင်းနဲ့ အခုဖြစ်စဉ်ဟာ ဝါဒဖြန့်မှု သက်သက် သာဖြစ်တယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီကတော့ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် PDF တွေအပါအဝင် လက်နက် ကိုင်အုပ်စုတွေကို ရွေးကောက်ပွဲလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ “ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်” ဆိုပြီး အလင်းဝင်ကြဖို့ ကမ်းလှမ်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI