မော်လမြိုင်၊ ဇူလိုင် ၁၉

မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အချက်အ လက်တွေအရ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၂၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် တစ်ဆခွဲလောက် မြင့်တက်လာပြီး အများစုဟ ရမ်းသမ်းပစ်ခတ်မှုကြောင့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန် ပြောကြားချက်ကို ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဒဏ်ကို ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ အများဆုံး ခံစားခဲ့ရပြီး အဲဒီမြို့နယ် နှစ်ခုမှာ လက်နက်ကြီး ပစ်ခတ်မှု ၁၆ ကြိမ်ထိ ရှိခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် သထုံခရိုင်အတွင်းရှိ နှစ်ဖက်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀၀၀ ကျော် စစ်ရှောင်ခဲ့ရပြီး အဲဒီထဲမှာ သုံးပုံတစ်ပုံလောက်သာ နေရပ်နိုင်သေးတယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အ လက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄၅ ဦး သေဆုံးပြီး ၁၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.