ရေး၊ ဇူလိုင် ၁၉

မွန်ပြည်နယ် ရေးမြို့နယ် လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၆၂ နှစ်အရွယ် လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်ထူးဟာ ရေးမြို့ကနေ သူရွာကို တစ်ဦးတည်း ဆိုင်ကယ်နဲ့ ပြန်လာစဉ် ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာကြောင့် ဦးကျော်ထူးဟာ ဦးခေါင်းနဲ့မျက်နှာတွေမှာ ကျည်ထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးကျော်ထူး ပစ်သတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ် လော်ဘီတွေကတော့ ဒီပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ကလည်း ရေးမြို့နယ် ဒူးယားကျေးရွာ ဆိုင်းဘုတ်အနီး အဘော်-ဒူးယားကျေးရွာလမ်းပေါ်မှာ ကျေးရွာပြည်သူ့စစ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.