နယူးဒေလီ၊ ဇူလိုင် ၁၈
ဆက်စပ် အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုရှားဆီကနေ ရေနံထောက်ပံ့မှု အနှောင့်အယှက် ဖြစ်ခဲ့ရင်တောင် အိန္ဒိယအနေနဲ့ တခြားရင်းမြစ်တွေဆီကနေ လိုအပ်တဲ့ ရေနံပမာဏကို ဝယ်ယူရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ရေနံဝန်ကြီး ဟာဒစ် ဆင်းဂျ်ပူရီက ဇူလိုင် ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
မော်စကိုက ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနဲ့ သဘောတူညီမှု မရယူဘူးဆိုရင် ရုရှား ပို့ကုန်တွေကို ဝယ်ယူတဲ့ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အခု သီတင်းပတ် စောစောပိုင်းက ခြိမ်းခြောက်ထားပါတယ်။

အိန္ဒိယအပါအဝင် နိုင်ငံအချို့ဟာ ရုရှားနဲ့ ဆက်ပြီး စီးပွားရေး လုပ်နေရင် ကြီးကြီးမားမား ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် မက် ရူတီကလည်း သီးခြား ပြောဆိုထား ပါတယ်။
အိန္ဒိယအနေနဲ့ တခြားနိုင်ငံတွေဆီက ထောက်ပံ့မှုတွေ ရရှိအောင် ကြိုးစားပြီးတော့ ရုရှားဆီက ရေနံဝယ်ယူမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဝန်ကြီး ပူရီက ပြောပါတယ်။
ဘရာဇီးနဲ့ ကနေဒါတို့လို ရှိနှင့်ပြီးသား ထုတ်လုပ်သူတွေနဲ့ စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ ဂူယာနာတို့လို အသစ်ထောက်ပံ့ပေးမယ့်နိုင်ငံတွေ အများကြီး ရှိတယ်လို့ အိန္ဒိယဝန်ကြီးက ဆိုတာပါ။

ဒါ့အပြင် အိန္ဒိယအနေနဲ့ ထုတ်လုပ်ရေး နည်းလမ်းတွေကို ပိုမို လေ့လာသင့်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ကျွန်တော် မစိုးရိမ်ပါဘူး တစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ ဖြေရှင်းမှာပါလို့ နယူးဒေလီမြို့မှာ ကျင်းပတဲ့ စက်မှုရေးရာ အခမ်းအနားမှာ ဝန်ကြီး ပူရီက ပြောဆိုပါတယ်။
အရင်ကဆိုရင် နိုင်ငံပေါင်း ၂၇ နိုင်ငံဆီက ရေနံဝယ်ယူခဲ့ပေမယ့် အခုအချိန်မှာ မိမိတို့ နိုင်ငံပေါင်း ၄၀ အထိ တိုးပြီး ရေနံတွေ ဝယ်ယူနေရပြီ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ရုရှားဆီက အိန္ဒိယရဲ့ ရေနံတင်သွင်းမှုဟာ အခုနှစ် ပထမ ခြောက်လအတွင်း သိသိသာသာ ပိုများလာခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ တင်ပို့မှုဟာ မော်စကိုဆီက ဝယ်ယူတဲ့ ရေနံစုစုပေါင်းရဲ့ ထက်ဝက်လောက် ရှိတယ်လို့ သိရပါတယ်။
Ref:Reuters