မော်လမြိုင်၊ ဇူလိုင် ၁၉

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်မှု စွပ်စွဲချက်နဲ့ ကုန်တင်ကား ရာနဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကရင်ပြည်နယ်ထဲကနေ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ကား မှန်သမျှကို မော်လမြိုင်၊ ပေါင်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုလမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဇူလိုင် ၁၈ ရက်နေ့အထိ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ကား ၁၇၀ ကျော်အထိ ရှိလာပြီး အဲဒီထဲက ကုန်တင်ကားအများစုကို နီးစပ်ရာ စစ်တပ်စခန်းတွေနဲ့ အခွန်အကောက်ရုံးတွေမှာ ထိန်းသိမ်းထားပါတယ်။

အခုတစ်ခါ ကုန်တင်ကားတွေ ဖမ်းဆီးမှုမှာတော့ ဂျူတီဆောင်လာတဲ့ ကားတွေအပြင် ဂျူတီမဆောင်တဲ့ ကားတွေကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဂျုတီမဆောင်တဲ့ ကားတွေကိုတော့ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

ကုန်တင်ကား ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားမှန်သမျှရဲ့ အချက်အလက် အသေးစိတ်ကအစ စစ်ဆေးပြီး တခါတည်း သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။

ကုန်တင်ကားတွေ ဖမ်းဆီးမှုဟာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဒုတိုင်းမှူးတို့ကြား ထိုင်းကုန်စည် အရေးနဲ့ ပတ်သက်ပြီး အချင်းချင်း စကားများရာကနေ တိုင်းမှူးက မွန်ပြည်နယ်ထဲ ဝင်လာတဲ့ ကုန်တင်ကား မှန်သမျှ ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါ့အပြင် အခုဖမ်းဆီးမှုမှာ စစ်တပ်ထိပ်ပိုင်း အကြီးအကဲတွေနဲ့ ပတ်သက်တဲ့ ကုန်တင်ကားတွေကိုလည်း ဖမ်းဆီးနေတဲ့အတွက် တပ်တွင်းမှာ ပါဝင်ပတ်သက်တဲ့သူတွေလည်း အရေးယူခံနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲမှာ ထိုင်းနိုင်ငံဘက်က တင်သွင်းလာတဲ့ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားအစီးရေ ၅၀၀ ကျော်ကို စစ်ကောင်စီအဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် ဂျူတီဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.