ကိဗ်၊ ဇူလိုင် ၁၈
ရုရှားနဲ့ ငြိမ်းချမ်းရေးရဖို့ အလားအလာ နည်းပါးလာချိန် စစ်ကာလ စီမံခန့်ခွဲမှုကို ပြန်အသက်သွင်းရေး ရည်ရွယ်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြီးကြီးမားမား ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်း လွှတ်တော်က ငါးနှစ်အတွင်း ပထမဆုံး ဝန်ကြီးချုပ်အသစ် တစ်ဦးကို ဇူလိုင် ၁၇ ရက်မှာ ခန့်အပ်လိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ယူလီယာ ဆဗရီဒန်ဒိုကို ပြည်တွင်း လက်နက်ထုတ်လုပ်မှု အားကောင်းလာစေရေးနဲ့ ယူကရိန်းရဲ့ ကြွေးမြီ အားကိုးနေရတဲ့ စီးပွားရေးကို ပြန်အသက်သွင်းရေး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တာဝန်ပေးထားပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ပြည်တွင်းထုတ် လက်နက်တွေ အသုံးပြုမှုကို အစိုးရအဖွဲ့သစ်က ခြောက်လအတွင်း ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ မျှော်လင့်ကြောင်း သမ္မတ ဇီလန်စကီးက လွှတ်တော်မှာ ပြောပါတယ်။
မဟာမိတ်တွေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လည်း ဇီလန်စကီးက အစိုးရအဖွဲ့သစ်ကို တိုက်တွန်းထားပါတယ်။
၂၀၂၁ ခုနှစ် ကတည်းက ပထမ လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ နည်းပညာ ကျွမ်းကျင်သူ ဆဗရီဒန်ဒိုက လျင်လျင်မြန်မြန် တိတိကျကျ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာသူ ဆဗရီဒန်ဒိုကို အမေရိကန် အစိုးရကလည်း ကောင်းကောင်း သိထားပြီး ယူကရိန်း သတ္တုများဆိုင်ရာ သဘောတူညီမှု ရယူချိန်က သူလည်း ဦးဆောင် ပါဝင်ခဲ့ပါတယ်။
အမေရိကန်နဲ့ နောက်ထပ် သဘောတူညီမှုတွေ ရယူသွားဖို့ ရှိတယ်လို့ ဇီလန်စကီးက ပြောကြားပေမယ့် အသေးစိတ်ကို မပြောပါဘူး။
လွှတ်တော်က ယူကရိန်းရဲ့ ရာထူးသက်တမ်း အရှည်ကြာဆုံး အစိုးရ ခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဒန်နိစ် ရှမိုင်ဟယ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဆဗစ်လာနာကို စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
Ref:Reuters