နေပြည်တော် ၊ ဇူလိုင် ၁၉

အခြေခံစားသောက်ကုန် ဈေးနှုန်း မြင့်တက်မှုကြောင့် ပုံသေဝင်ငွေရရှိတဲ့ လခစား ဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်‌ရောက်မှု ကြီးမားနေတယ်လို့ စစ်ကောင်စီခန့် စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော် မတီ အစည်းအဝေးမှာ ဌာနဆိုင်ရာတွေကို ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဝင်းရှိန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ကုန်ဈေးနှုန်း ကြီးမြင့်နေတာကြောင့် အခြေခံစားကုန်တွေ အထွက်နှုန်းတိုးအောင် ထုတ်ဖို့၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှု တိုးတက်အောင်လုပ်ဖို့အပြင် ဆီးထွက်သီးနှံတွေကို တိုးမြှင့်စိုက်ပျိုးဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးကတော့ အဓိက ကုန်ဈေးနှုန်း ကြီးမြင့်နေရတာဟာ ကုန်သွယ်မှု လမ်းပိုင်းတွေမှာ ဂိတ်တွေကကောက်ခံတဲ့ အခွန်တွေကြီးမြင့်နေတာကြောင့် ဖြစ်သလို ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ အရင်ကာလထက် တော်တော်ကွာဟသွားပြီလို့ ပြောပါတယ်။

“အဓိက ကုန်ဈေးနှုန်းကြီးမြင့်ရတဲ့ အကြောင်းရင်းကတော့ ဒီကုန်သွယ်မှုတွေမှာ လမ်းပိုင်းတွေမှာပေါ့နော်။ ကောက်တဲ့အခွန်နှုန်းတွေ ငွေရေးကြေးရေးတွေများတဲ့ အခါကျတော့ ကုန်သွယ်တဲ့ သူတွေကလည်း သူတို့တစ်ဂိတ်ကို ဥပမာ တစ်သောင်းပေးရတယ်ဆိုတော့ အဲဒီတစ်‌သောင်းရဲ့ ကုန် ကျစရိတ်ကို ဒီကုန်ပစ္စည်းတွေ အပေါ်ကို ပြန်တင်ပြီး ရောင်းတာပေါ့၊ ကုန်ဈေးနှုန်း မြင့်တက်မှုအပေါ်မှာ ပြည်သူလူထုရဲ့ ဒုက္ခကတော့ တော်တော်ကြီးမားပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစား ပြည်သူတွေအပြင် စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေပါ အရင်ကထက် ပိုမိုချွေတာ စားသောက်နေရသလို ဝင်ငွေထွက်ငွေ မမျှတတဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

အိမ်ရှင်မတစ်ဦးကလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် ရတဲ့လစာနဲ့ မိသားစုစားစရိတ်လောက်ငှမှု မရှိသလို လောက်ငှမှု မရှိတော့တဲ့အတွက် သားသမီးတွေအပြင် သူတို့ ကိုယ်တိုင် တဖက်နိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင် နေကြရတယ်လို့ ပြောပါတယ်။

“ရတဲ့လစာက တစ်လကို နှစ်သိန်းခွဲ သုံးသိန်းဝန်းကျင်ဆိုတော့ တစ်လမိသားစုစားစရိတ် မလောက်ဘူးလေ။ ဝယ်တဲ့ပစ္စည်းက အကုန်ဈေးတက်တယ်။ စားဝတ်နေရေးနဲ့ သူတို့လစာနဲ့ အဆင်မပြေတာ တစ်ခု သားသမီးရှိရင် သားသမီး ဘန်ကောက်လွှတ်ပေါ့။ တချို့ကျတော့ အရွယ်ရှိတဲ့ လူကျတော့ သူတို့ဘာ သူတို့ပဲတက်သွားကြတယ်။ မိသားစုလိုက် တချို့ အရွယ်မရှိတဲ့သူကျတော့လည်း သား သမီးတွေ လွှတ်ပေါ့၊ အဓိကတော့ ကုန်ဈေးနှုန်းကြောင့်ပဲ”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးနောက် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို ကျဆင်းအောင်လုပ်ဖို့ အတွက်ဆိုကာ ပြီးခဲ့တဲ့ကာလတွေက သက်ဆိုင်ရာကဏ္ဍ အသီးသီးက လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေအပြင် လက်လီ၊ လက်ကား ရောင်းဝယ်သူတွေကို ဖမ်းဆီးမှုတွေ လုပ် ဆောင်ခဲ့ပါတယ်။

အခုလို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်တွေ့ မြေပြင် အခြေအနေမှာတော့ ကုန်ဈေးနှုန်း ပြန်လည် ကျဆင်းတာ မရှိသလို ထိရောက်တဲ့ အရေးယူမှုတွေ မရှိတဲ့အတွက်လည်း ကုန်ဈေးနှုန်းတွေဟာဆိုရင် လက်ရှိအချိန်ထိ တည်ငြိမ်မှု မရှိနေပါဘူး။

စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရတာဟာ မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ မလိုလားအပ်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြီး ကန့်သတ်မှုတွေ လုပ်ဆောင်ထားတာအပြင် ဒေသတွင်းမှာ လုံလောက်အောင် မထုတ်နိုင်ဘဲ ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းထားတဲ့ လေးနှစ်ကျော် ကာလအတွင်း အခြေခံ စားသောက်ကုန် ဈေးနှုန်း တွေဟာ အမျိုးအစားပေါ် မူတည်ကာ ၅ ဆကနေ ၁၀ ဆ ဝန်းကျင်ထိ မြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေနဲ့ ပြတ်လပ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ် နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.