သာယာဝတီ၊ ဇူလိုင် ၁၇
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခံရပြီးနောက် လက်ရှိအချိန်ထိ တိုက်ပိတ်ထားခံရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။
သာယာဝတီထောင်ရှိ အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်နေတဲ့ အခြားအကျဉ်းသားတစ်ဦးနဲ့ ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ထောင်ဝန်းထမ်း စိုးမင်းက ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းမှာ ရိုက်နှက်ခဲ့တာပါ။
ထောင်ဝန်ထမ်း စိုးမင်းဟာ ကိုအောင်သူထက်ကို ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ပြီးနောက် အချိန်အတော်အကြာ ဆေးကုသမှု မပေးတဲ့အတွက် အခြားနိုင်ငံရေးအကျဉ်းသားတွေက ဝိုင်းဝန်းတောင်းဆိုမှသာ အဲဒီနေ့ နေလည် ၂ နာရီအချိန်ခန့်မှာသာ ဆေးကုသပေးခဲ့ပြီး ကိုအောင်သူထက်ကို ပြဿနာရှိတယ်လို့ဆိုကာ ခေါ်ယူတိုက်ပိတ်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။
ထောင်ဝန်ထမ်းစိုးမင်းဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးဖြစ်သလို သာယာဝတီထောင်ကို ထောင်းပြောင်းနဲ့ ရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရိုက်နှက်ခဲ့တာကြောင့် တိုင်ကြားခံထားရသူ တစ်ဦး ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ထမ်းစိုးမင်းကို အပြင်ထွက်ခွင့်ပိတ်တာနဲ့ သာယာဝတီထောင်မှာ နေရာပြောင်းခြင်းကိုသာ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အပြစ်ပေးအရေး ယူတာမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝန်ထမ်းတွေက တရားဥပဒေမဲ့ ရိုက်နှက်မှုတွေ ပြုလုပ်နေတဲ့အပေါ် ရပ်တန့်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်ကြဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို PPNM က သက်သေတွေနဲ့တကွ မှတ်တမ်းတွေ ထားရှိပြီး တရားမျှတမှုကို ဖော်ဆောင် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM