နောင်ချို ၊ ဇူလိုင် ၁၈
စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို မြေပြင်နဲ့ ဝေဟင်ပေါင်းစပ်အားတွေနဲ့ တိုက် စစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်နိုင်မှုအပေါ် ဆက်စပ်နယ်မြေတွေကိုလည်း အောင်မြေချဲ့ထွင် အမြတ်ထုတ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက စစ်ရေးနိုင်ငံရေးအရ အရေးကြီးတဲ့ ဒေသတွေကို ဦးတည်ပြီး အင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေကို အသုံးပြုကာ လက်လွှတ်နယ်မြေတွေကို ပြန်ယူဖို့ လုပ်ဆောင်နေတာပါ။
အဲဒီထဲမှာ တအာင်းတပ် TNLA တစ်နှစ်လောက် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ဇူလိုင် ဒုတိယပတ်မှာ စစ်ကြောင်းလေးကြောင်း ခွဲပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည်ရရှိခဲ့ပါတယ်။
နောင်ချိုဟာ တရုတ် – မြန်မာ နယ်စပ်စီးပွားရေးရဲ့ အဓိကကျတဲ့ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးပေါ် တည်ရှိနေပြီး ပြင်ဦးလွင်-မန္တလေးကနေတဆင့် အခြားမြို့တွေနဲ့ ကျောက်မဲမြို့ကနေ ရှမ်းမြောက်က မြို့ရွာတွေကိုလည်း ဆက်သွယ်သွားလာနိုင်တဲ့ မြို့ဖြစ်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ စစ်ကောင်စီလက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်ရဖို့ ဦးတည်လာတယ်လို့ သံလွင်တိုင်းကို ပြောပါတယ်။
“စစ်ကောင်စီ အဓိက အလိုရှိနေတဲ့ စစ်ရေးနိုင်ငံရေးအရ အရေးကြီးနေတဲ့ တရုတ်ဘက်က လိုလားနေတဲ့ မန္တလေး-မူဆယ် လမ်းပိုင်း ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း ပြန်လည်ပွင့်ဖို့ ပြီးရင် ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ လက်လွှတ်ထားရတဲ့ နယ်မြေတွေ အခု TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲ ဒီမြို့တွေကို ပြန်လည်ရရှိနိုင်ဖို့ ဦးတည်လုပ်ဆောင်လာတာကို ကျွန်တော်တို့ တွေ့ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရာမှာ တောင်ခမ်းကနေ နောင်ချိုမြို့အထိ စစ်ကူစစ်ကြောင်းတွေနဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေကို မြေပြင်နဲ့ ဝေဟင် ပေါင်းစပ်ပြီး ထိတွေ့မှုပေါင်း ၅၆၆ ကြိမ်နဲ့ ၁၁ လကြာ တန်ပြန်တိုက်စစ်တွေ အဆင့်ဆင့်လုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ် ဩဂုတ်နှောင်းပိုင်းမှာ စတင်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာတော့ တောင်ခမ်းကို ဆက်သွယ်တဲ့ အုပ်ချုပ်မှုလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာကနေ ဇူလိုင် ၁၆ ရက်နေ့မှာတော့ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားတာပါ။
ဇူလိုင် ၁၆ ရက်နေ့ TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်း ထန်နေမှာဖြစ်တာကြောင့် ပြည်သူတွေ သတိထား နေထိုင်သွားလာကြဖို့နဲ့ လေကြောင်းအန္တရာယ် ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲမဖြစ်သေးတဲ့ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုင်းငေါ့မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း သတိထားဖို့ အသိပေးထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီဘက်မှာ သာလွန်တဲ့ လက်နက်ကြီးပစ်အားနဲ့ စစ်အင်အားကြောင့် နောင်ချိုကို ပြန်ယူနိုင်တာဖြစ်လို့ ကျန်နယ်မြေတွေကိုလည်း စစ်ရေးအရ တိုက်ခိုက်ဖို့ ရှိမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကက ပစ်အားကိုလည်း သုံးနိုင်တယ် လူအားကိုလည်း သုံးနိုင်တယ်။ ရှမ်းမြောက်မှာက TNLA တစ်ဖွဲ့ပဲ စစ်ကောင်စီကို ပြန်ပြီးတော့ တိုက်နေတာပေါ့။ အဲဒီတော့ စစ်တပ်ဘက်က ဦးတည်ရန်သူက TNLA အဖွဲ့ပဲ ရှိတော့တယ်။ နောင်ချိုကို ရသွားပြီဆိုတော့ မကြာခင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် ဒီမြို့တွေကိုလည်း သူတို့ (စကစ) အောင်မြေချဲ့ပြီး စစ်ရေးအရ အမြတ်ထုတ် တိုက်ခိုက်ဖို့ ရှိမယ်” လို့ ဆိုပါတယ်။
တအာင်းတပ် TNLA ဘက်ကတော့ ထိန်းချုပ်နယ်မြေတွေ လက်မလွှတ်ရဖို့အရေး အစွမ်းကုန်ခုခံသွားမယ့် အနေအထားမျိုးရှိတဲ့အတွက် တန်ပြန်တိုက်စစ်တွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဇူလိုင် ၆ ရက်နေ့ကလည်း ကရင်နီတပ်ပေါင်းစုတွေဖြစ်တဲ့ KNPP KNDF နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လအတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြန်လည်သိမ်းပိုက်ထားတာပါ။
စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ရှမ်းမြောက်က လားရှိုးမြို့ကို တရုတ်ဖိအားပေးမှုကြောင့် ကိုးကန့်တပ်ကနေ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ပြီး နောင်ချိုနဲ့ မိုးဗြဲမြို့တွေကိုတော့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီရဲ့ ပြောင်းလဲတိုးတက်လာတဲ့ စစ်နည်းဗျူဟာတွေကို တော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေးသံဖြစ်နေတဲ့အပေါ် စနစ်တကျ ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ချိတ်ဆက်မှုတွေ လိုအပ်မယ်လို့ ထောက်ပြပါတယ်။
“သူတို့ကတော့ (စကစ) အခုချိန်မှာ ပစ်အားရော လေကြောင်းအရေးသာမှုရော ပြီးရင် လူအားရော Wave (လှိုင်း) သုံးမျိုးနဲ့ တိုက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က နေရာပေါင်းစုံကနေ တိုက်ကွက်ဖော်ပြီးမှ တော်ကာကြပါလိမ့်မယ်။ နို့မဟုတ်ရင် အထွေထွေထိုးစစ်ဆိုတာ ကာကွယ်ရေးအင်အားစုတွေဘက်က လုပ်နိုင်တာမဟုတ်ဘဲနဲ့ စစ်တပ်ရဲ့ အထွေထွေထိုးစစ်ကို ကျွန်တော်တို့က ပြန်ပြီးတော့ ခံစစ်ပုံစံမျိုး သွားကျပါလိမ့်မယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီဟာ အရေးကြီးတဲ့ ဒေသတွေကို လက်နက်ကြီး၊လေကြောင်းပစ်ကူတွေနဲ့ အားစိုက်ပြီး တန်ပြန်ထိုးစစ်ဆင်နေပေမယ့် တစ်ဘက်မှာ တောင်ပိုင်းဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ မကွေး မြေပြန့်ဒေသဘက်ကိုတော့ စစ်ရေးလှုပ်ရှားမှု လျှော့ချခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နဲ့ တနင်္သာရီဒေသက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ KNLA တပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် ဥကရစ်ထစခန်းအပါအဝင် တပ်ခစန်း တစ်ခုပြီးတစ်ခု အရေးနိမ့်လာနေပါတယ်။
ဒီအပေါ် စစ်ရေးအကဲခတ်တွေပြောတာက စစ်ရေးနည်းဗျူဟာအရ ဖြစ်စေ စစ်အင်အား ၊ ခဲယမ်း၊ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ စတဲ့ ကန့်သတ်ချက်တွေကြောင့် စစ်ကောင်စီက နယ်မြေထိန်းချုပ်မှုလောက်ကလွဲပြီး စစ်ဆင်ရေးတွေကို လျှော့ချလာခဲ့တာလို့ ထောက်ပြပါတယ်။
တစ်ဘက်မှာတော့ စစ်ကောင်စီဘက်က အခုလို နယ်မြေတွေကို ပြန်လည်စိုးမိုးပြီး နေပြည်တော်ကို စိမ့်ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေအားလုံးကို ထိန်းချုပ်ထားနိုင်ရင် လာမယ့် ပွင့်လင်းရာသီမှာ တောင်ပိုင်းနဲ့ မြေပြန့်မှာ တန်ပြန်ထိုးစစ်တွေ ရှိလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ဘုံရန်သူကို တိုက်ဖျက်ရာမှာ ရေပက်မဝင်နိုင်တဲ့ စည်းလုံးညီညွတ်မှုမျိုးကို မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ လိုအပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ တစ်ဦးတည်း တစ်ဖွဲ့တည်း လုပ်လို့မရဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဘုံရန်သူကို တိုက်ဖျက်တဲ့အခါမှာ အဓိက အရေးကြီးဆုံးအချက်က ဒီကနေ့မှာ အဖြစ်ရှိနေတဲ့ လျော့ရဲရဲ စည်းလုံးညီညွတ်မှုထက် ဒီထက်ပိုပြီး ရေပက်မဝင်နိုင်တဲ့ စည်းလုံးညီညွတ်မှုမျိုးကို ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား တကယ် လိုအပ်နေပါပြီ။ အဲဒီတော့ အဖြစ်ရှိနေတဲ့ ပကတိအခြေအနေမှာ မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော ဒီအတိုင်းပဲ လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်ရစေနိုင်မယ့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ၅ လသာ ကျန်ရှိတော့တဲ့အခြေအနေမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးရဲ့ အထွေထွေထိုးစစ်ဟာ ရုပ်လုံးမပေါ်လာသေးပါဘူး။
နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နိုင်ငံရေးစစ်ရေးအခင်းအကျင်းကို ဦးဆောင်ရာမှာ ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပြီလို့ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်သူတွေကြား ပြောဆိုနေကြတာပါ။
စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီ ဦးတည်ထားတဲ့ နယ်မြေတွေအတွင်း ထိုးစစ်ဆင်နေချိန်မှာ စစ်ရေးအရှိန် တန့်သွားအောင် ကျန်ဒေသက တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဟန်ချက်ညီတဲ့ တိုက်ကွက်ဖော်ဆောင်မှုတွေ အချိတ်အဆက်မိဖို့ လိုနေပြီလို့ အကြံပြုထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Telegram