မော်လမြိုင် ၊ ဇူလိုင် ၁၈
မွန်ပြည်နယ်မှာ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်ငါးဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ PDF ရဲဘော် ငါးဦးကို ဇူလိုင် ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ လက်ခံကြိုဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ PDF ရဲဘော် ငါးဦးကိုတော့ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး သူတို့ရဲ့ မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းအပ်နှံခဲ့ကာ ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာတွေပါ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
PDF တပ်မတော် ဒေါနစစ်ကြောင်း ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကိုကတော့ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်လို့ ပြောဆိုတာဟာ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အရှေ့တောင်တိုင်းမှာ PDF တွေ အလင်းဝင်တယ် ဆိုတဲ့ သတင်းကတော့ ဒါကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှု သက်သက်ပဲလေသ။ သိသာထင်ရှားပါတယ်၊ အဓိက သူတို့လက်နက်အပ်တဲ့ ဓာတ်ပုံတွေက ဘာမှ မျက်နှာကွယ်ထားတာလည်း မရှိဘူးလေ။ သူတို့ လုပ်ကြံတဲ့ဟာ သိသာတယ်။ နောက် တစ်ခု ထပ်ပြောမယ်ဆိုရင်တော့ PDF ထဲမှာလည်း ဒီရုပ်တွေ ဒီပုံတွေက မွန်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ တနင်္သာရီတိုင်းမှာ ကျွန်တော်တို့လည်း မတွေ့ဖူးဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီထံ သွားရောက်အလင်းဝင်ပါက သက်ဆိုင်ရာအဖွဲ့တွေက တရားဝင်ထုတ်ပြန်တာရှိပြီး လက်ရှိ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေက ထုတ်ပြန်တာ မရှိဘဲ အခုလို စစ်ကောင်စီဖော်ပြတာဟာ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ လာမယ့် အထွေထွေရွေးကေက်ပွဲအတွက် PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကို ရွေးကောက်ပွဲလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါပေမယ့် PDF နဲ့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိသလို စိတ်မဝင်စားဘူးလို့ တုံ့ပြန်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်လို့ ပြောပေမယ့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာတော့ စစ်ကောင်စီနဲ့တော်လှန်ရေး တပ် ဖွဲ့တွေကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI