ဘန်ကောက်၊ ဇူလိုင် ၁၇
နိုင်ငံရေး သြဇာအာဏာ လျော့ကျလာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သူ့အပေါ် စွဲတင်ထားတဲ့ ဘုရင့်နန်းတော် အသရေဖျက်မှုအတွက် ဇူလိုင် ၁၆ ရက်က တရားရုံးမှာ သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ တံခါးပိတ်ပြုလုပ်ခဲ့တဲ့ အမှုကြားနားမှုအတွင်း ပြစ်မှု ထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် သက်ဆင်အနေနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုကို စော်ကားသူ ဒါမှမဟုတ် ဝေဖန်သူတွေကို တင်းကြပ်လွန်းတဲ့ ဘုရင့်နန်းတော် စော်ကားမှုဆိုင်ရာ ဥပဒေနဲ့ ကာကွယ်ပေးထားပြီး အဲဒီ ဥပဒေကို ချိုးဖောက်တယ်လို့ သက်ဆင် စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း အသက် ၇၅ နှစ်အရွယ် သက်ဆင်ဟာ ထိုင်းနိုင်ငံရေးရဲ့ အဓိက ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပြီး အစဉ်အလာအားဖြင့် နန်းတော်နဲ့ စစ်တပ်လိုလားတဲ့ လူ့မလိုင်တွေနဲ့အတူ နိုင်ငံရေး မျိုးနွယ်စုတစ်ခုကို တည်ထောင်ခဲ့ပါတယ်။

သူ့ရဲ့ သမီး ပေသွန်ထန် ရှင်နာဝါထရာကို ရာထူးကနေ ဆိုင်းငံ့ထားမှုနဲ့ အတူ သက်ဆင်ကို တရားရုံးမှာ စွဲချက်တင်ထားတာက သူ့မိသားစုရဲ့ နိုင်ငံရေး ကံတရား သိသိသာသာ အားနည်းလာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တောင်ကိုရီးယား မီဒီယာတစ်ခုသို့ သက်ဆင် ပြောဆိုခဲ့တဲ့ စကားတွေနဲ့ပတ်သက်ပြီး နန်းတော်ကို အသရေဖျက်မှုနဲ့ သက်ဆင် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
သက်ဆင်ရဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးက သြဂုတ် ၂၂ ရက်မှာ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားတယ်လို့ သူ့ရဲ့ ရှေ့နေ ဝင်ယပ် ချက်မွန်ထရီက ပြောပါတယ်။
သက်ဆင်ကို ထောက်ခံသူ ၅၀ လောက်က သူ့ပုံတွေ ရိုက်နှိပ်ထားပြီး သူ့ရဲ့နိုင်ငံရေး လှုပ်ရှားမှု အထိမ်းအမှတ် အရောင်ဖြစ်တဲ့ အနီရောင်တီရှပ်တွေ ဝတ်ဆင်ကာ တရားရုံး အပြင်မှာ စောင့်နေခဲ့ကြပါတယ်။
သူနှစ်ကြိမ်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် ရာထူးကနေ စစ်တပ်က ဖြုတ်ချ အာဏာသိမ်းလိုက်လို့ သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပါတယ်။
သူ ထိုင်းကို ပြန်ရောက်လာချိန်မှာ သူ့ရဲ့ ရန်သူတော်ဟောင်းတွေရဲ့ ထောက်ခံမှုနဲ့ သူ့မိသားစုရဲ့ ဖူထိုင်းပါတီက ညွှန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်နေရာ ရယူထားပြီးချိန် ဖြစ်တာကြောင့် နောက်ကွယ်မှာ သဘောတူညီမှု တစ်ခုခု ရယူထားတယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်ခဲ့ ပါတယ်။
သက်ဆင်ကို အကျင့်ပျက်ခြစားမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့နဲ့ ချက်ချင်းဆိုသလို ထောင် ၈ နှစ် ချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်က တစ်နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။
အဲဒီ ထောင်ဒဏ် တစ်နှစ်ရဲ့ အချိန် အများစုကိုလည်း သက်ဆင်ဟာ ရဲဆေးရုံမှာ ကျန်းမာရေး အကြောင်းပြချက်နဲ့ နေထိုင်ပြီး ကျော်လွန် ဖြတ်သန်းခဲ့တာကြောင့် ထောင်လုံးဝ မကျခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
Ref:AFP