ဘီးလင်း၊ ဇူလိုင် ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်သူ များပြားလာပြီး အင်အားရာနဲ့ချီ တိုးမြှင့်လာတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

အင်အားလိုအပ်ချက် ရှိနေတဲ့ စစ်ကောင်စီဟာ ဒေသတွင်းက အလုပ်လက်မဲ့သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို စည်းရုံးပြီး ပြည်သူ့စစ်အဖွဲ့တွေထဲ ထည့်သွင်းနေတာပါ။

ဒေသတွင်းက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကိုတော့ စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ စစ်တပ်ထွက် စစ်မှုထမ်းဟောင်းတွေက အဓိက ဦးဆောင်နေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ သူတို့အဖွဲ့ထဲ ဝင်ရောက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အသစ်တွေကို အာဝါဒေးဝိုင်းတွေ ပြုလုပ်ခွင့်ပေးတာ၊ စစ်မှုထမ်း ဖမ်းဆီးခိုင်းပြီး ငွေကြေးတောင်းယူခွင့်ပေး ထားတာကြောင့် ဝင်ရောက်သူတွေ များလာတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးလုပ်ငန်းတွေနဲ့ ပြည်သူ့စစ်မှုထမ်းဖမ်းဆီးတာ၊ ယာဉ်စစ်ဆေးတာ၊ ဂိတ်စောင့်တာတွေကအစ ပြုလုပ်လာကြတယ်လို့ ဆိုပါတယ်။

အရင် စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလနောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူ့စစ်တွေ၊ သတင်းပေးဒလန်တွေ၊ စစ်ကောင်စီဝန်ထမ်းတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ရှင်းလင်းနေတာတွေကြောင့် ပေါ်ပေါ်ထင်ထင်သွားလာတာမျိုးတွေ မရှိခဲ့ပါဘူး။

အခုနောက်ပိုင်းမှာတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ကျေးရွာလမ်းတွေပေါ်မှာ ယူနီဖောင်းဝတ် သေနတ်ကိုင်သွားလာတာ၊ အုပ်စုဖွဲ့နေထိုင်စားသောက်တာတွေကအစ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.